- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ရဲကင်းစခန်းတိုးချဲ့စဉ် နေအိမ်ဖယ်ရှားခံရသည့် စစ်တွေဒေသခံများ နေစရာမရှိ ဖြစ်နေ
ရဲကင်းစခန်းအနီးရှိ နေအိမ်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖယ်ရှားခိုင်း၍ ယခုလအစောပိုင်းတွင် ဖြိုဖျက်ပေးလိုက်ရသော်လည်း ပြောင်းရွှေ့ရမည့်နေရာနှင့် အစားထိုးမြေနေရာ ချပေးခြင်း မရှိပေ။
22 Nov 2024
DMG ၊ နိုဝင်ဘာ ၂၂
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ နေထိုင်ရေးအခက်အခဲနှင့် ကြုံတွေ့နေကြရကြောင်း သိရသည်။
နေအိမ် ၅၀ ထက်မနည်းမှ မိသားစုဝင်များမှာ ဘုန်းတော်ကြီးကျောင်းများ၌ ယာယီနေထိုင်ခဲ့သော်လည်း ဆက်လက်နေထိုင်ရန် အဆင်မပြေမှုများ ရှိလာသဖြင့် အခက်ကြုံနေရခြင်း ဖြစ်သည်။
“ဒီမှာနေတာ လတစ်ဝက်ကျော်နေပြီ။ ဘုန်းတော်ကြီးကျောင်းကလည်း နေထိုင်ခွင့်မပြုတော့ဘဲ တခြားနေရာတွေကို သွားဖို့ ပြောနေပြီ။ ကျမတို့မှာ တခြားပြောင်းရွှေ့ပြီး နေထိုင်ဖို့နေရာလည်း မရှိပါဘူး” ဟု နေအိမ်ဖယ်ရှားခံရသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ရဲကင်းစခန်းအနီးရှိ နေအိမ်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖယ်ရှားခိုင်း၍ ယခုလအစောပိုင်းတွင် ဖြိုဖျက်ပေးလိုက်ရသော်လည်း ပြောင်းရွှေ့ရမည့်နေရာနှင့် အစားထိုးမြေနေရာ ချပေးခြင်း မရှိပေ။
“အိမ်လည်း မရှိတော့ဘူး။ ပါလာတဲ့ငွေတွေလည်း စားရရင် နောက်ထပ်တစ်လပေါ့။ အလုပ်လည်းမရှိတော့ အဆုံးပြောရရင် ခိုးဆိုးလုယက်ပြီး စားသောက်ရမယ့်အဆင့် ရောက်သွားနိုင်တယ်” ဟု နေအိမ်ဖယ်ရှားခံရသူ နောက်တစ်ဦးက ပြောသည်။
လက်ရှိတွင် စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းပတ်ပတ်လည်၌ အကာအရံများ၊ ကတုတ်ကျင်းများ ဆောက်လုပ်နေကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီနှင်ထုတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများနှင့် ဆွေးမျိုးနေအိမ်များတွင် ခိုလှုံနေရသည့် ဗျိုင်းဖြူကျေးရွာနှင့် ရွှေပြည်သာရပ်ကွက်မှ ထောင်နှင့်ချီသည့် ဒေသခံများမှာလည်း နေထိုင်စားသောက်ရေး ခက်ခဲနေကြသည်။
ဗျိုင်းဖြူရွာမှ နှင်ထုတ်ခံရသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက “ပထမလအစလောက်ကတော့ အစိုးရ(စစ်ကောင်စီ)က ဆန်တစ်ခါတစ်လေ ထောက်ပံ့တယ်လို့ ကြားတယ်။ ပြီးရင် ကျန်းမာရေးစောင့်ရှောက်မှု နည်းနည်းပေးတာပေါ့နော်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဘာမှမရတော့ဘူး။ အကုန်လုံး ခက်ခဲနေကြတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောကျေးရွာမှ ဒေသခံများကို စစ်ကောင်စီက နှင်ထုတ်ခဲ့ခြင်းဖြစ်ပြီး ရွှေပြည်သာတွင် တပ်စွဲနေရာယူထားသည်။
စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားမှု ခပ်စိပ်စိပ်ရှိလာပြီးနောက် မြို့ပတ်ပတ်လည်တွင် ကတုတ်ကျင်းများတူးကာ အင်အားတိုးချဲ့ထားခြင်းများ လုပ်ဆောင်နေသည်။
စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး လမ်းပိတ်ထားမှု၊ ငွေကြေးနှင့် အခြားအခက်အခဲတို့ကြောင့် မြို့တွင်းနေထိုင်သူများလည်း ရှိနေသည်။