ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် မင်္ဂလာဒုံတွင် စစ်ဆေးမှုတင်းကျပ်
မင်္ဂလာဒုံမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများကို ဒုက္ခပေးနေ၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့ Dark Shadow က ထုတ်ပြန်ထားသည်။
22 Nov 2024
DMG ၊ နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက စစ်ဆေးမေးမြန်းမှုများ တင်းကျပ်စွာလုပ်ဆောင်နေ၍ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ကင်းမဲ့လာရသည်ဟု ဒေသနေပြည်သူများက ပြောသည်။
ရဲစခန်းတိုက်ခိုက်ခံရသည့် နိုဝင်ဘာ ၂၀ ရက်မှစ၍ စခန်းအနီးအနားရှိ ရပ်ကွက်နေအိမ်များကို ညည့်အချိန် ဝင်ရောက်စစ်ဆေးခြင်း၊ လမ်းသွားလမ်းလာများအား စစ်ဆေးခြင်းမှုများကို ဆက်တိုက်လုပ်ဆောင်နေသည်။
မင်္ဂလာဒုံမြို့နေ ဒေသခံတစ်ဦးက “မှတ်ပုံတင်အပြင် လူအနေထားကိုကြည့်ပြီးတော့ ဘာလူမျိုးလဲ ဆိုပြီးတော့ မေးတယ်။ ဆိုင်ကယ်နဲ့သွားရင် box တွေကို ဖွင့်စစ်တယ်။ အလုပ် အသွားအပြန်မှာလည်း ဘယ်ကလဲ ဘယ်မှာလုပ်တာလဲကအစ မေးမြန်းတယ်” ဟု ပြောသည်။
မင်္ဂလာဒုံမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများကို ဒုက္ခပေးနေ၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့ Dark Shadow က ထုတ်ပြန်ထားသည်။
ညနေ ခုနစ်နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး Dark Shadow ဘက်မှ အထိအခိုက်မရှိဘဲ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ဆိုထားသည်။
ယင်းဖြစ်စဉ်နောက်ပိုင်းမှ စစ်ကောင်စီက တင်းကျပ်စွာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် မင်္ဂလာဒုံမြို့နယ်အတွင်း တစ်လလျှင် တစ်ကြိမ်စီ ဧည့်စာရင်း(သို့မဟုတ်) မှတ်ပုံတင် စစ်ဆေးမှုများ ရှိခဲ့သည်ဟု သိရသည်။
“ကျနော်ရှေ့မှာပဲ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ဆေးနေတာ။ တစ်နာရီလောက်ကြာ ထိုင်ခိုင်းထားတယ်။ ပြီးရင် မှတ်ပုံတင်ပါတဲ့သူထက် အများကြီး မေးမြန်းစစ်ဆေးတာပေါ့။ ပုံမှန်ဆိုရင်တော့ ဒီလိုမရှိပါဘူး။ သွားမြဲလာမြဲပေါ့နော်။ အခုဒီရက်ပိုင်းမှာပဲ တင်းတင်းကြပ်ကြပ် ဖြစ်သွားတာပါ” ဟု မင်္ဂလာဒုံမြို့နေ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
ပြည်သူများကို ဒုက္ခပေးနေသည့် စစ်ကောင်စီတပ်သားများကို ရသည့်နေရာတွင် တိုက်ခိုက်သွားမည်ဖြစ်ပြီး နောက်ထပ်ပစ်မှတ်များကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဟု Dark Shadow အဖွဲ့က ထုတ်ပြန်ထားသည်။