ရန်ကုန်ရောက် စစ်ဘေးရှောင်များကို လူဦးရေစာရင်းအကြောင်းပြချက်ဖြင့် စစ်ကောင်စီ စစ်ဆေးနေ 

စမ်းချောင်း၊ ကျောက်မြောင်း၊ လှိုင်သာယာနှင့် သံလျင်မြို့နယ်တို့တွင် နေထိုင်ကြသော စစ်ဘေးရှောင်များအား လူဦးရေစာရင်းကောက်ယူခြင်း၊ မှတ်ပုံတင်နံပါတ်ယူခြင်း၊ ဓာတ်ပုံရိုက်ခြင်း စသည်တို့ လုပ်ဆောင်နေသည်။ 

By Admin 17 Aug 2024

ရန်ကုန်မြို့၌ သွားလာနေသော စစ်ကောင်စီတပ်၏ ယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ရန်ကုန်မြို့၌ သွားလာနေသော စစ်ကောင်စီတပ်၏ ယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ ဩဂုတ် ၁၇ 

နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ရန်ကုန်မြို့တွင် လာရောက်ခိုလှုံနေကြသော စစ်ဘေးရှောင်များကို စစ်ကောင်စီက လူဦးရေစာရင်းအကြောင်းပြချက်ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေသည်။

ယခုလ ဒုတိယပတ်မှစ၍ စမ်းချောင်း၊ ကျောက်မြောင်း၊ လှိုင်သာယာနှင့် သံလျင်မြို့နယ်တို့တွင် နေထိုင်ကြသော စစ်ဘေးရှောင်များအား လူဦးရေစာရင်းကောက်ယူခြင်း၊ မှတ်ပုံတင်နံပါတ်ယူခြင်း၊ ဓာတ်ပုံရိုက်ခြင်း စသည်တို့ လုပ်ဆောင်နေကြောင်း သိရသည်။ 

“ရပ်ကွက်ရုံးမှာ ဘယ်မြို့ ဘယ်နေရာကနေလာလဲ ဆိုတာကို စာရင်းပေးရတယ်။ လက်ရှိ ဘယ်နေရာမှာနေတယ် ဆိုတာကိုလည်း ပြောရပါတယ်။ လူဦးရေ စာရင်းကောက်တာလို့တော့ ပြန်ပြောတယ်။ မှတ်ပုံတင်နံပါတ်တွေ အကုန်လုံးပေးရတာ” ဟု ရန်ကုန်တွင် စစ်ရှောင်နေသည့် စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်ကောင်စီက စစ်ဘေးရှောင်စာရင်း ကောက်ယူသည်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိဘဲ စစ်ဘေးရှောင်များ၏ ကိုယ်ရေးအချက်အလက်များအားလုံးကို ကောက်ယူထားသဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်နေကြသည်။ 

“ဘာကြောင့် စာရင်းပေးရတယ်ဆိုတာကိုလည်း တိတိကျကျ မသိရဘူး။ အကုန်လုံးကတော့ သိချင်နေကြတယ်။ တစ်ခုခုဖြစ်ပြီဆိုရင် နာမည်စာရင်းရော၊ မှတ်ပုံတင်နံပါတ်တွေပါ ပေးထားရတာဆိုတော့ စိတ်မချရဘူးလေ” ဟု ကျောက်မြောင်းမြို့နယ်တွင် နေထိုင်သည့် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။ 

ရန်ကုန်တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားပြီး ပြည်သူများအား သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများကို လုပ်ဆောင်နေသည်။ ဖမ်းဆီးခံရသူများကို ထောင်ဒဏ်နှစ်ရှည်ချမှတ်နိုင်သည့် ပုဒ်များဖြင့် တရားစွဲဆိုပြီးနောက် ထောင်ဒဏ်ချမှတ်မှုများလည်း ရှိနေသည်။  

ရန်ကုန်တွင် ရှမ်းမြောက်၊ မန္တလေးတိုင်းအပြင် ရခိုင်ပြည်မှ စစ်ဘေးတိမ်းရှောင်နေသူ အများအပြားရှိနေပြီး စားဝတ်နေရေးအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ လုံခြုံမှုကင်းမဲ့နေရသည်ဟု ပြောကြသည်။ 

ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “လူဦးရေစာရင်းတိုင်ကြားရ၊ ဧည့်စာရင်းတိုင်ကြားရနဲ့ ကိုယ့်နေရာ ကိုယ့်ဒေသမဟုတ်တော့ တော်တော်လေး စိုးရိမ်နေပါတယ်။ ဒီဘက်မှာက စစ်ဘေးရှောင်၊ ဒေသခံတွေလို့ မဟုတ်ဘူး ဖမ်းဆီးမှုတွေလည်း ရှိနေတော့ ပိုပြီးဆိုးတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအကျိုးဆက်အဖြစ် လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင်ဦးရေ ၃ သန်းကျော် ထိရှိနေပြီး စားဝတ်နေရေးပြဿနာကို ဆိုးရွားစွာ ရင်ဆိုင်နေရသည်။