ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
ကမ္ဘာတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် သေဆုံးသူအများဆုံးမှာ မြန်မာနိုင်ငံဖြစ်ကြောင်း နိုင်ငံတာကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ (ICBL) ၏ နိုဝင်ဘာ ၂၀ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။
22 Nov 2024
DMG ၊ နိုဝင်ဘာ ၂၂
ကမ္ဘာတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် သေဆုံးသူအများဆုံးမှာ မြန်မာနိုင်ငံဖြစ်ကြောင်း နိုင်ငံတာကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ (ICBL) ၏ နိုဝင်ဘာ ၂၀ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။
မိုင်းနှင့် ပေါက်ကွဲစေတက်သည့် လက်နက်ပစ္စည်းများကြောင့် သေဆုံး၊ ဒဏ်ရာရသူ ၅,၇၅၇ ဦး ထက်မနည်း ရှိခဲ့သည်။ သေဆုံးသူ ၁,၉၈၃ ဦး၊ ဒဏ်ရာရသူ ၃, ၆၆၃ ဦးနှင့် သေဆုံးဒဏ်ရာရ အခြေနေကို မသိရသေးသူ ၁၁၁ ဦး ဖြစ်သည်။
မြန်မာနိုင်ငံမှာ သေဆုံးသူ ၁,၀၀၃ ဦးဖြင့် အများဆုံးဖြစ်ပြီး ဆီးရီးယားတွင် သေဆုံးသူ ၉၃၃ ဦးနှင့် ဒုတိယ အများဆုံးဖြစ်ကာ အာဖဂန်နှင့် ယူကရိန်း တို့တွင် သေဆုံးသူ ၅၀၀ ကျော်ရှိခဲ့သည်။ ထိခိုက်သေဆုံးမှု၏ ၈၄ ရာခိုင်နှုန်း (၄,၃၃၅ ဦး)မှာ အရပ်သားများဖြစ်ပြီး ယင်းအထဲမှ ၃၇ ရာခိုင်နှုန်း (၁,၄၉၈ ဦး)မှာ ကလေးငယ်များ ဖြစ်ကြောင်း သိရသည်။
ICBL ညွှန်ကြားရေးမှူး Tamar Gabelnick က “မြေမြှုပ်မိုင်းကြောင့် ကလေးငယ် အပါအဝင် အရပ်သားသေဆုံးမှု တုန်လှုပ်စရာအရေအတွက်ကို အစီရင်ခံစာမှာ မှတ်တမ်းတင်ထားတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တိုက်ပွဲဖြစ်ပွားသည့် နေရာများအပြင် ပြည်သူများ သွားလာလှုပ်ရှားနေသည့် နေရာများ၊ လုပ်ကိုင်စားသောက်ရာ ဥယျာဉ်များတွင် စစ်ကောင်စီက မြေမြှုပ်မိုင်းထောင်ထားသဖြင့် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းအတွက် စိန်ခေါ်မှုများစွာရှိနေသည်။
“ကျမတို့လို တောတောင်ကို မှီခိုပြီး ထင်းခုတ်၊ မျှစ်ချိုး လုပ်စားနေရတဲ့သူတွေမှာ မိုင်းထိတဲ့သူများလာတော့ လုပ်မစားရဲကြတော့ဘူး။ အကုန်လုံး အခက်အခဲဖြစ်နေကြရတယ်” ဟု ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ မြေမြှုပ်မိုင်းနင်းမိပြီး မသန်စွမ်းဖြစ်သွားရသူ မခိုင်ခိုင်မာက ပြောသည်။
မြေမြှုပ်မိုင်းကြောင့် သေဆုံးသွားရသူများ၏ မိသားစုဝင်များ၊ မသန်စွမ်းဖြစ်သွားသူများမှာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ လိုအပ်နေဆဲဖြစ်သည်။
စစ်မက်ဖြစ်ပွားလျက်ရှိသော မြန်မာ၊ ရုရှားနှင့် နိုင်ငံအချို့တွင် မြေမြှုပ်မိုင်းများ ဆက်လက်အသုံးပြုနေ၍ မြေမြှုပ်မိုင်းအသုံးပြုမှုကို တားမြစ်ထားသည့် နိုင်ငံတကာသဘောတူညီချက်ကို လိုက်နာကြရန် လိုအပ်နေသည်ဟု ICBL က ပြောဆိုထားသည်။