ရခိုင်နှင့် ပလက်ဝတွင် ယခုနှစ်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် အရပ်သား ၁၂၃ ဦး သေဆုံး

AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ခံနေရသည့် စစ်ကောင်စီသည် မြေမြှုပ်မိုင်း အများအပြားအသုံးပြုကာ ခံစစ်ပြင်ဆင်ခြင်းကြောင့် ဒေသခံများမှာ မကြာခဏ မြေမြှုပ်မိုင်းပေါက်ကွဲ၍ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းအပြင် အသက်ဆုံးရှုံးခြင်းတို့ကိုပင် ကြုံနေကြရသည်။

By Admin 13 Dec 2024

ပြီးခဲ့သည့် ဇွန် ၂၉ ရက်က ဂွမြို့နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိသူတစ်ဦးအား သယ်ယူလာစဉ်။ ဓာတ်ပုံ - CJ
ပြီးခဲ့သည့် ဇွန် ၂၉ ရက်က ဂွမြို့နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိသူတစ်ဦးအား သယ်ယူလာစဉ်။ ဓာတ်ပုံ - CJ

DMG ၊ ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် အရပ်သားသေဆုံးသူ ၁၂၃ ဦးထိ ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ၏ ဒီဇင်ဘာ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသွားသူများမှာ မောင်တောမှ ၁၅ ဦး၊ ဂွ ၅ ဦး၊ သံတွဲ ၃ ဦး၊ တောင်ကုတ် ၄ ဦး၊ ရမ်းဗြဲ ၆ ဦး၊ ကျောက်ဖြူ ၁၆ ဦး၊ အမ်း ၉ ဦး၊ မြေပုံ ၄ ဦး၊ မင်းပြား ၁၀ ဦး၊ စစ်တွေ ၁၅ ဦး၊ ပုဏ္ဏားကျွန်း ၃ ဦး၊ ရသေ့တောင် ၆ ဦး၊ ဘူးသီးတောင် ၄ ဦး၊ ကျောက်တော် ၅ ဦး၊ မြောက်ဦး ၂ ဦးနှင့် ပလက်ဝတွင် ၁၆ ဦး ဖြစ်သည်။ 

AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ခံနေရသည့် စစ်ကောင်စီသည် မြေမြှုပ်မိုင်း အများအပြားအသုံးပြုကာ ခံစစ်ပြင်ဆင်ခြင်းကြောင့် ဒေသခံများမှာ မကြာခဏ မြေမြှုပ်မိုင်းပေါက်ကွဲ၍ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းအပြင် အသက်ဆုံးရှုံးခြင်းတို့ကိုပင် ကြုံနေကြရကြောင်း ရခိုင်ဒေသခံများက ပြောသည်။

ကျောက်ဖြူဒေသခံ လူငယ်တစ်ဦးက “ကျနော်တို့ဒေသမှာဆို စစ်တပ်အနီးအနားတောင် မဟုတ်ဘူး။ ဒေသခံတွေရဲ့ တောတောင်တွေမှာပါ မိုင်းတွေ ထောင်ထားတာ။ မိုင်းနင်းမိတဲ့လူတွေလည်း မနည်းတော့ဘူ။ အခုဆို ဘယ်မှ မသွားရဲကြတော့ လုပ်စားရတာလည်း တော်တော်အဆင်မပြေဖြစ်လာတယ် ” ဟု ပြောသည်။ 

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်က အမ်းမြို့နယ် တပ်တောင်မြို့မှ (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ စစ်ကောင်စီတပ်စွဲခဲ့သည့် နေရာအနီးသို့ အဖော်များဖြင့် သွားရောက်စဉ် မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်။

စစ်ကောင်စီတပ်သားများ စခန်းချခဲ့သည့်နေရာများတွင် မျက်စိဖြင့် မမြင်နိုင်သည့် မြေမြှုပ်မိုင်းများရှိနေ၍ ဒေသခံပြည်သူများအနေဖြင့် ထိုကဲ့သို့နေရာများအား သတိပြုရှောင်ရှားရန် လိုအပ်ကြောင်း လူမှုကူညီရေး လုပ်ဆောင်နေသူများက ပြောကြသည်။

“စစ်ကောင်စီတပ်တွေ စခန်းချခဲ့တဲ့ နေရာတိုင်းမှာ မြေမြှုပ်မိုင်း အလွန်အကျွံသုံးတဲ့အတွက် စစ်ပွဲအလွန် ကာလမှာတောင် ဒေသခံတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်လာဖို့ သေချာတယ်။ အဲဒါကြောင့် စစ်တပ်တွေ စခန်းချခဲ့တဲ့နေရာတွေကို မလိုအပ်ဘဲ သွားလာတာ မလုပ်ဖို့ အရေးကြီးတယ်” ဟု လူမှုကူညီရေး လုပ်ဆောင်နေသူ စာရေးဆရာ ဝေဟင်အောင် က ပြောသည်။ 

မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ပထမ (၉) လအတွင်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်တို့ကြောင့် သေဆုံးသူ ၈၈၉ ဦး ရှိခဲ့ကြောင်း UNOCHA ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း မြန်မာနိုင်ငံတွင် ကလေးသူငယ် ၂၂၁ ဦး အပါအဝင် သေဆုံးသူ ၁,၀၅၂ ဦးထိ ရှိခဲ့၍ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ် အရှိဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။