ချေးငွေနှင့်ပတ်သက်သော မေးခွန်းများ ပေါ်ထွက်လာပြီးနောက် ကုလအေဂျင်စီအကြီးအကဲ ရာထူးမှ နုတ်ထွက်

ကုလသမဂ္ဂအေဂျင်စီတစ်ခုက ဒေါ်လာ ၆၁ သန်းကို ချေးငွေထုတ်ပေးမှုနှင့် ဗြိတိန်မိသားစုတစ်စုအား ထောက်ပံ့ငွေ ပေးအပ်ခဲ့မှုကို ဖော်ပြသည့် ဆောင်းပါးတစ်ပုဒ်အား နယူးယောက်တိုင်းမ်က ဖော်ပြပြီး မကြာမီတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂအေဂျင်စီမှ ထိပ်တန်းအရာရှိတစ်ဦးအား ရာထူးမှ နုတ်ထွက်ရန် စနေနေ့တွင် တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂ အကြီးတန်းအရာရှိတစ်ဦးထံမှ သိရသည်။

11 May 2022

ဓာတ်ပုံ - AFP)

DMG ၊ မေ ၁၁

ကုလသမဂ္ဂအေဂျင်စီတစ်ခုက ဒေါ်လာ ၆၁ သန်းကို ချေးငွေထုတ်ပေးမှုနှင့် ဗြိတိန်မိသားစုတစ်စုအား ထောက်ပံ့ငွေ ပေးအပ်ခဲ့မှုကို ဖော်ပြသည့် ဆောင်းပါးတစ်ပုဒ်အား နယူးယောက်တိုင်းမ်က ဖော်ပြပြီး မကြာမီတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂအေဂျင်စီမှ ထိပ်တန်းအရာရှိတစ်ဦးအား ရာထူးမှ နုတ်ထွက်ရန် စနေနေ့တွင် တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂ အကြီးတန်းအရာရှိတစ်ဦးထံမှ သိရသည်။

လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံကိန်းများအတွက် လူသိနည်းသည့် အေဂျင်စီဖြစ်သည့် စီမံကိန်းဝန်ဆောင်မှုများဆိုင်ရာ ကုလသမဂ္ဂရုံး (United Nations Office for Project Services) သည် ၂၀၁၅ ခုနှစ်တွင် အမြတ်အစွန်းအတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်၍ ရင်းနှီးမြုပ်နှံမှုဘဏ်ကဲ့သို့ လည်ပတ်ခြင်းဖြင့်  အခြားကုလသမဂ္ဂအေဂျင်စီများ မဝင်ရောက်သော နယ်မြေထဲသို့ အရဲစွန့်ဝင်ရောက်ခဲ့သည်။

ယခုအခါ ဤအဖွဲ့အစည်းသည် ပြန်မရနိုင်တော့သည့် ကြွေးမြီပမာဏ ဒေါ်လာ ၂၂ သန်းအထိ ဆုံးရှုံးနိုင်ခြေ ရှိနေသည်ဟု ကုလသမဂ္ဂ စာရင်းစစ်များ၏ ပြောကြားချက်များအရ သိရသည်။

ယူကရိန်းစစ်ပွဲနှင့် အခြားသောအကျပ်အတည်းများအတွက် အလှူရှင်နိုင်ငံများထံမှ ဒေါ်လာသန်းပေါင်းများစွာ အကူအညီတောင်းခံနေချိန်တွင် အဆိုပါအရှုပ်တော်ပုံသည် ကုလသမဂ္ဂကို တုန်လှုပ်ခြောက်ခြားစေပြီး အရှက်ရစေခဲ့ကြောင်း များစွာသော သံတမန်များနှင့် ဝန်ထမ်းများ၏ ပြောကြားချက်အရ သိရသည်။ ငွေပေးငွေယူများဆိုင်ရာ အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုသည် ကြာသပတေးနေ့တွင် ပြီးဆုံးခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်သော တွေ့ရှိချက်များကိုမူ လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပေ။

ချေးငွေများကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပေးခဲ့သည့် နော်ဝေဝန်ကြီးဟောင်းနှင့် ကုလစီမံကိန်းဝန်ဆောင်မှုများဆိုင်ရာ အမှုဆောင်ဒါရိုက်တာ ဂရီတီဖာရီမို၏ နုတ်ထွက်စာကို လက်ခံခဲ့ကြောင်း တနင်္ဂနွေနေ့ကထုတ်ပြန်ခဲ့သော ဂူတာရက်စ်၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖာရီမိုသည် ၂၀၁၅ ခုနှစ်တွင် ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဒေးဗစ်ကန်ဒရစ်နှင့် နယူးယောက်မြို့ ပါတီတစ်ခုတွင် တွေ့ဆုံခဲ့ပြီးနောက် သူမသည် ဒေးဗစ်ကန်ဒရစ်အား ဒေါ်လာသန်းပေါင်းများစွာ အပ်နှံခဲ့သည်။

ဖာရီမို၏ ကုလသမဂ္ဂအေဂျင်စီသည် ဒေးဗစ်ကန်ဒရစ်၏ အသက် ၂၂ နှစ်အရွယ်သမီးဒေစီ ဦးဆောင်သောအဖွဲ့ကိုလည်း ကမ္ဘာ့သမုဒ္ဒရာများအပေါ် ခြိမ်းခြောက်မှုများအကြောင်း အသိပညာပေးခြင်းအတွက် ထောက်ပံ့ငွေဒေါ်လာ ၃ သန်း ပေးအပ်ခဲ့သည်။

တိုင်းမ်သတင်းစာကရရှိသော ဖာရီမိုကသူမ၏ဝန်ထမ်းထံ တနင်္လာနေ့နံနက်အစောပိုင်းက ပေးပို့သော စာတစ်စောင်တွင်မူ ဖာရီမိုသည် သူမ သူမနုတ်ထွက်ရသော အကြောင်းရင်းကို နောက်တစ်မျိုး ဖော်ပြထားကြောင်း တွေ့ရသည်။ “အကြောင်းအရင်းအပြည့်အစုံကို မသိရပေမယ့် ကျွန်မမျက်စိအောက်မှာ ဖြစ်ပျက်သွားခဲ့” သောကြောင့် သောကြာနေ့တွင် သူမ၏ နုတ်ထွက်စာ တင်သွင်းခဲ့သည်ဟု စာထဲတွင် ပြောကြားထားသည်။

သို့သော် တရားဝင် ပြောရေးဆိုခွင့် မရှိသည့်အတွက် အမည်မဖော်လိုသော ကုလသမဂ္ဂ အကြီးတန်းအရာရှိတစ်ဦးကမူ ဖာရီမိုသည် ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုခံခဲ့ရသည်ဟု တိုင်းမ်းကို ဖြေကြားသည်။ တိုင်းမ်ဆောင်းပါးတွင် အဆိုပါအကြောင်းအရာကို ဖော်ပြခဲ့ပြီးနောက် ဂူတာရက်စ်သည် အဖွဲ့အစည်းအတွင်းရှိ အလှူရှင်နိုင်ငံများ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန်အတွက် မြန်မြန်ဆန်ဆန် အရေးယူလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်ဟု အဆိုပါအရာရှိက ပြောကြားသည်။