တယ်လီနော၏ မြန်မာပြည်တွင်း လုပ်ငန်းအားလုံးကို လက်ဘနွန်ကုမ္ပဏီတစ်ခုထံ ရောင်းချ

တယ်လီနောကုမ္ပဏီသည် မြန်မာပြည်တွင်းရှိ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု အားလုံးကို လက်ဘနွန်ကုမ္ပဏီ M1 Group ထံ ရောင်းချလိုက်ပြီဖြစ်ကြောင်း  ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

By Foreign Desk 09 Jul 2021

ဓာတ်ပုံ - Telecomlead

DMG ၊ ဇူလိုင် ၉

တယ်လီနောကုမ္ပဏီသည် မြန်မာပြည်တွင်းရှိ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု အားလုံးကို လက်ဘနွန်ကုမ္ပဏီ M1 Group ထံ ရောင်းချလိုက်ပြီဖြစ်ကြောင်း  ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

“မြန်မာနိုင်ငံအတွင်း အခြေအနေများ ပိုမိုဆိုးရွားလာမှုနှင့် မကြာသေးမီက အဖြစ်အပျက်များကြောင့် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုများကို ရုတ်သိမ်းရခြင်း” ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တယ်လီနော မြန်မာ၏ လုပ်ငန်းလည်ပတ်မှုများနှင့် ဝန်ဆောင်မှုများသည် ဆက်လက်လည်ပတ်နေမည် ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ချက်များနှင့် အဖွဲ့အစည်းတွင် ချက်ချင်းပြောင်းလဲခြင်း ရှိမည်မဟုတ်ကြောင်း တယ်လီနော၏ မြန်မာဘာသာဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထုတ်ကုန်များနှင့် ဝန်ဆောင်မှု အားလုံးသည် လက်ရှိအခြေအနေများအတိုင်း တည်ရှိနေမည်ဖြစ်ပြီး တယ်လီနောမြန်မာနှင့် ချုပ်ဆိုထားသည့် စာချုပ်များအားလုံးသည် ပကတိအတိုင်း ရှိမည်ဟု တယ်လီနောက ဆိုသည်။

တယ်လီနော၏ လုပ်ငန်းလည်ပတ်မှု ၁၀၀ ရာခိုင်နှုန်းလုံးအား M1 Group ထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တယ်လီနောသည် မြန်မာနိုင်ငံအတွင်း ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံနေသည့် ကုမ္ပဏီကြီးများအနက် တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးစနစ်မှ ပြန်လည်ပွင့်လင်းလာပြီးနောက် ၂၀၁၄ ခုနှစ်တွင် ဝင်ရောက်ပြီး လုပ်ငန်းလည်ပတ်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်းများသည်  အကြီးအကျယ် ကန့်သတ်ခံခဲ့ရသည်။ မတ်လ ၁၅ ရက်နေ့၌ စစ်တပ်အာဏာပိုင်များသည် ဒီမိုကရေစီအရေး လှုပ်ရှားသူမျာ စုရုံးခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း မပြုလုပ်နိုင်အောင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုဘိုင်းဒေတာများကို ပိတ်ပင်ခဲ့သည်။  

အာဏာပိုင်များသည် ဆက်သွယ်ရေး လုပ်ငန်းကြီးများ၏ အမှုဆောင်အရာရှိများကိုပါ ခွင့်ပြုချက်မရဘဲ ပြည်တွင်းမှ မထွက်ခွာရန် တားမြစ်ထားသလို အသုံးပြုသူများ၏ အချက်အလက်များကို ကြားဖြတ် ထောက်လှမ်းနိုင်မည့် နည်းပညာ တပ်ဆင်ပေးရန်လည်း ဆက်သွယ်ရေးလုပ်ငန်းများကို ဖိအားပေးနေကြောင်း ပြီးခဲ့သော ရက်ပိုင်းက ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူဦးရေ ၅၄ သန်းရှိသည့် မြန်မာနိုင်ငံအတွင်း လက်ရှိအချိန်၌ တယ်လီနောသုံးစွဲသူ စုစုပေါင်း ၁၈ သန်းခန့်ရှိသည်။