မြောက်ကိုရီးယားမှာ ပထမဆုံး ကိုဗစ်လူနာ စတင်တွေ့ရှိကြောင်း အစိုးရအတည်ပြု

မြောက်ကိုရီးယားနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကူးစက်ခံထားရသော လူနာတစ်ဦး တွေ့ရှိထားကာ “နိုင်ငံတော်အဆင့် အထူးအရေးပေါ် အခြေအနေ” ကြေညာထားပြီး ခေါင်းဆောင်ကင်ဂျုံအန်းကလည်း ဗိုင်းရပ်စ်ကို သုတ်သင်ရှင်းလင်းသွားရန် ကတိပေးထားကြောင်း အစိုးရပိုင်မီဒီယာက မေလ ၁၂ ရက်နေ့တွင် ကြေညာလိုက်သည်။

13 May 2022

ဓာတ်ပုံ - AFP

DMG ၊ မေ ၁၃

မြောက်ကိုရီးယားနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကူးစက်ခံထားရသော လူနာတစ်ဦး တွေ့ရှိထားကာ “နိုင်ငံတော်အဆင့် အထူးအရေးပေါ် အခြေအနေ” ကြေညာထားပြီး ခေါင်းဆောင်ကင်ဂျုံအန်းကလည်း ဗိုင်းရပ်စ်ကို သုတ်သင်ရှင်းလင်းသွားရန် ကတိပေးထားကြောင်း အစိုးရပိုင်မီဒီယာက မေလ ၁၂ ရက်နေ့တွင် ကြေညာလိုက်သည်။

ဆင်းရဲမွဲတေသော်လည်း နျူကလီးယားပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားသည် ကိုဗစ်ကူးစက်မှုကို ယခင်က တစ်ကြိမ်မျှ အတည်ပြု လက်ခံခဲ့ခြင်း မရှိဖူးပေ။ မြောက်ကိုရီးယားအစိုးရသည် ကိုဗစ်ကပ်ဘေးအစပိုင်း ၂၀၂၀ ခုနှစ်မှစတင်၍ နယ်စပ်ဝင်ပေါက်များကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားခဲ့သည်။

မြို့တော်ပြုံယမ်းတွင် တွေ့ရှိရသော ဖျားနာလူနာကို စစ်ဆေးရာတွင် ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲနှင့် ကိုက်ညီနေကြောင်း တွေ့ရသည်ဟု အစိုးရပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ပြောကြားသည်။

ခေါင်းဆောင်ကင်ဂျုံအန်းအပါအဝင် ထိပ်တန်းအရာရှိများသည် အရေးပေါ် ပေါ်လစ်ဗျူရိုအစည်းအဝေး တစ်ရပ် ကျင်းပကာ ကိုဗစ်အရေးအတွက် ဆွေးနွေးခဲ့ကြပြီး ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် အမြင့်ဆုံးအရေးပေါ် အခြေအနေတစ်ရပ် ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့သည်။

နယ်စပ်ထိန်းချုပ်ရေးနှင့် လော့ဒေါင်းစည်းကမ်းများကို ပိုမိုတင်းကြပ်ကြရန် ကင်ဂျုံအန်းက ပြောကြားခဲ့သလို ပြည်သူများကိုလည်း နိုင်ငံတစ်ဝန်းရှိ ဒေသအားလုံး၌ ၎င်းတို့၏ ဧရိယာများကို ပိတ်ဆို့ပြီး ဗိုင်းရပ်ပျံ့နှံ့မှုကို တားဆီးကြရန် ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု များကိုလည်း စနစ်တကျ ဖွဲ့စည်းရန်နှင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်နိုင်ရေးအတွက် တစ်ဖွဲ့ချင်းစီကို သီးခြားခွဲထားရန် KCNA က ပြောကြားသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ပြည်သူ ၂၅ သန်းကို ကိုဗစ်ကာကွယ်ဆေး မထိုးရသေးကြောင်း လေ့လာသူများက ယူဆကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၊ တရုတ်နှင့် ရုရှားတို့က ပေးအပ်သည့် ကိုဗစ်ကာကွယ်ဆေးများကိုလည်း လက်မခံခဲ့ပေ။