- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့သစ် ထိပ်တန်းနေရာတွင် အမေရိကန်က ဒဏ်ခတ်အရေးယူထားသည့် အရာရှိလေးဦးပါဝင်
တရုတ်အစိုးရသည် အမေရိကန်အစိုးရ ပိတ်ဆို့ဒဏ်ခတ်ထားသည့် အကြီးတန်းအရာရှိ လေးဦးအထိပါဝင်သည့် ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့သစ်ကို ဇွန်လ ၁၉ ရက်နေ့ (တနင်္ဂနွေနေ့) က ခန့်အပ်ခဲ့သည်။ တက်လာမည့် အဆိုပါခေါင်းဆောင်သစ်သည် ထိုပိတ်ဆို့မှုများကို တရုတ်ကို “အနိုင်ကျင့်” ရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။
21 Jun 2022
DMG ၊ ဇွန် ၂၁
တရုတ်အစိုးရသည် အမေရိကန်အစိုးရ ပိတ်ဆို့ဒဏ်ခတ်ထားသည့် အကြီးတန်းအရာရှိ လေးဦးအထိပါဝင်သည့် ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့သစ်ကို ဇွန်လ ၁၉ ရက်နေ့ (တနင်္ဂနွေနေ့) က ခန့်အပ်ခဲ့သည်။ တက်လာမည့် အဆိုပါခေါင်းဆောင်သစ်သည် ထိုပိတ်ဆို့မှုများကို တရုတ်ကို “အနိုင်ကျင့်” ရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်းရရှိသည့် ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်က ဒီမိုကရေစီရေး ပြင်းပြင်းထန်ထန်ဆန္ဒပြပွဲများ အပါအဝင် လူထုဆန္ဒပြပွဲများအပြီး ဆန့်ကျင်သူများကို နှိမ်နင်းရန်ရည်ရွယ်ကာ အမျိုးသားလုံခြုံရေးဥပဒေ ပြဌာန်းခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် အမေရိကန်ပြည်ထောင်စုက ဟောင်ကောင်နှင့် တရုတ်အစိုးရအရာရှိ ၁၁ ဦးကို ပိတ်ဆို့ အရေးယူဒဏ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ပိတ်ဆို့ခံရသူခုနစ်ဦးမှာ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လေးဦးသည် အုပ်ချုပ်ရေးအဖွဲ့သစ်တွင် ဆက်လက်ပါဝင်မည် ဖြစ်သည်။ ၎င်းတို့မှာ ခေါင်းဆောင် နေရာဆက်ခံမည့် ဂျွန်လီ၊ လုံခြုံရေးဝန်ကြီး ခရစ်တန်၊ ပြည်မရေးရာဝန်ကြီး အဲရစ်ဆန်နှင့် အသစ် ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေးအဖွဲ့ အတွင်းဝန် အဲရစ်ချန်တို့ဖြစ်သည်။
ပိတ်ဆို့အရေးယူခံရသည့် အခြားသုံးဦးမှာ ရဲချုပ် စတီဗင်လို၊ နုတ်ထွက်သွားသည့် မြို့တော်ခေါင်းဆောင် ကယ်ရီလန်းနှင့် တရားရေးဝန်ကြီး ထရီစာချန်းတို့ဖြစ်ပြီး ယင်းတို့နေရာကို အစားထိုးသွားမည်ဖြစ်သည်။
ပိတ်ဆို့အရေးယူမှုများအရ လန်းသည် ဘဏ်ကန့်သတ်ချက်များကြောင့် သူ၏ လစာကို ငွေသားဖြင့် မဖြစ်မနေလက်ခံရန် ဖိအားပေးခံရကြောင်း ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့က သတင်းထောက်များကို ပြောကြားသည့် အုပ်ချုပ်ရေးအဖွဲ့ မိတ်ဆက်ပွဲတွင် သူ့အနေ ဖြင့် “ပိတ်ဆို့အရေးယူမှုများ ဆိုသည်ကို လှောင်ပြောင်ကြောင်း” နှင့် ဂရုမစိုက်ကြောင်း ပြောကြားခဲ့သည်။
“အနိုင်ကျင့်လိုတဲ့နိုင်ငံအချို့ဟာ (ဟောင်ကောင်) တာဝန်ရှိသူများကို ခြိမ်းခြောက်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုကဲ့သို့သော လုပ်ဆောင်ချက်များနဲ့ ကြိုးပမ်းခဲ့ကြပြီး အထူးအားဖြင့်တော့ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို ဖျက်ဆီးချင်တဲ့ သူတို့လှမ်းလာတဲ့ ဇာတ်လမ်းဆင်မှု မအောင်မြင်ခဲ့ပါဘူး” ဟု လီက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ရမယ့်တာဝန်ကို ရှေ့ဆက် ဆောင်ရွက်ဖို့ပိုပြီး သန္နိ ဌာန်ခိုင်မာစေခဲ့ပါတယ်” ဟုလည်း လီက ဆက်ပြောသည်။
တရုတ်နှင့် ဟောင်ကောင်၊ မကာအိုတို့အကြား နှစ်ငါးဆယ်ကျင့်သုံးမည်ဟု သဘောတူထားသည့် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” နိုင်ငံရေးပုံစံ၏ သက်တမ်းတဝက်ရောက်လာချိန်ဖြစ်ပြီး ဗြိတိသျှမှ တရုတ် သို့ ပြန်လည်အုပ်ချုပ်ခွင့် ပြန်လွှဲပြောင်းခဲ့သည့် ၂၅နှစ် မြောက် နှစ်ပတ်လည်ဖြစ်သည့် ဇူလိုင်လ ၁ ရက် နေ့မတိုင်မီ အုပ်ချုပ်ရေးအဖွဲ့ အသစ်မဖွဲ့ခင်နှစ်ပတ်အတွင်း အဓိကအဖွဲ့ဝင် ၂၆ဦးကို တနင်္ဂနွေနေ့က ဖွဲ့စည်းခန့်အပ်လိုက်ခြင်းဖြစ်သည်။