- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
လူသားချင်းစာနာမှု အကူအညီတွေ ပေးရာမှာ လူထုနဲ့တစ်သားတည်း ရပ်တည်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့လို
မြန်မာပြည်သူတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်သူ အမြောက်အများဟာ အကြမ်းဖက်မှုနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ၊ စီးပွားရေးနဲ့ အစာရေစာ မလုံလောက်တဲ့ ပြဿနာ၊ သေလောက်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြီးကို ယိုင်လဲနေတဲ့ ကျန်းမာရေးစနစ်နဲ့ ရင်ဆိုင်ရတာတွေ ရှိနေပါတယ်။
11 Aug 2021
DMG ၊ ဩဂုတ် ၁၁
ရာဗီချန်ဒရာကူးမား ဘာသာပြန်ဆိုသည်။
မြန်မာပြည်သူတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်သူ အမြောက်အများဟာ အကြမ်းဖက်မှုနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ၊ စီးပွားရေးနဲ့ အစာရေစာ မလုံလောက်တဲ့ ပြဿနာ၊ သေလောက်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြီးကို ယိုင်လဲနေတဲ့ ကျန်းမာရေးစနစ်နဲ့ ရင်ဆိုင်ရတာတွေ ရှိနေပါတယ်။
မြန်မာအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုနေပါပြီ။ ဒါပေမဲ့ ဒီအကူအညီတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ အထူးသတိထားဖို့လည်း လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်းကြီးကို နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အကျပ်အတည်း ဆိုတဲ့ ဘောင်ထဲကနေ မြင်နိုင်ဖို့ အရေးကြီးပါတယ်။ စစ်ပွဲနဲ့ လူသားချင်းစာနာမှု မူဝါဒဆိုင်ရာ ကျင့်ဝတ်ကို အထူးပြု လေ့လာသူ ပါမောက္ခ ဟူးဂိုးဆလင်း ထောက်ပြသလိုပါပဲ။ မြန်မာဟာ နိုင်ငံရေးဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ရပ်ကို ရင်ဆိုင်နေရပြီး ပြည်သူ့လှုပ်ရှားမှုတစ်ရပ်ဟာ အကြမ်းဖက်အုပ်ချုပ်သူကို တရားနည်းလမ်းတကျ ဆန့်ကျင်နေပါတယ်။
မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေ (EAOs) နဲ့ မြန်မာ့တပ်မတော်တို့အကြား ပဋိပက္ခတွေဟာ ကာလရှည်ကြာ ရှိခဲ့ပါပြီ။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကသာ ဒီဖြစ်ရပ်တစ်ခုလုံးကို ပဋိပက္ခကြောင့် ပေါ်ထွက်လာတဲ့ ရလဒ်တစ်ခုအဖြစ်၊ ဒီထက် ပိုဆိုးတာက တိုင်းရင်းသား ပဋိပက္ခအဖြစ် ပုံဖော်ကြမယ် ဆိုရင် မြန်မာစစ်တပ်အတွက် ဖြစ်ပျက်သမျှကို တာဝန်မခံဘဲ ငြင်းပယ်ဖို့ သိပ်လွယ်သွားပါလိမ့်မယ်။
ဒီအစား လိုအပ်တာက အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။ ပထမဆုံးအားဖြင့် လူသားချင်းစာနာမှု အကျပ်အတည်းကို ဒေသတွင်းလူထုကို ဖိနှိပ်ပြီး အာဏာကို ချုပ်ကိုင်နိုင်အောင် ကြိုးစားနေတဲ့ စစ်တပ်ကြောင့် ဖြစ်လာရတဲ့ လူ့အခွင့်အရေး အကျပ်အတည်းကနေ သီးခြားခွဲထုတ်လို့ မရဘူးဆိုတာကို အသိအမှတ် ပြုရပါမယ်။ ဒုတိယအားဖြင့် အသိအမှတ်ပြုရမှာကတော့ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ စနစ်တကျ အကြမ်းဖက်မှုနဲ့ မတရားမှုတွေဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်အောင် တည်ရှိခဲ့တဲ့ ပဋိပက္ခတွေကနေ အရင်းခံ ပေါ်ထွက်လာတယ် ဆိုတာပါပဲ။
မြန်မာ့အကျပ်အတည်းကို နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အကျပ်အတည်းအဖြစ် ရှုမြင်ခြင်းဟာ ကျင့်ဝတ်ရှုထောင်ဘက်က ကြည့်ရင်လည်း သိသိသာသာ အရေးပါနေပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်တွေ ဖွံ့ဖြိုးရေးအတွက်လည်း ဒီရှုထောင့်ဟာ အရေးပါပါတယ်။
နိုင်ငံရေးအကျပ်အတည်းတစ်ရပ်မှာ လူသားချင်း စာနာမှုအကူအညီတွေ ပါဝင် ပေးအပ်တယ်ဆိုရင် နိုင်ငံရေးအရ ရိုက်ခတ်မှုတွေလည်း ရှောင်မရဘဲ ပေါ်ထွက်လာမှာပါပဲ။ ပဋိပက္ခတစ်ရပ်မှာ ဘယ်လိုနည်းလမ်းနဲ့ ပါဝင်မှုမျိုးမဆို ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခအခင်းအကျင်းပေါ်မှာ ကောင်းကျိုး ဒါမှမဟုတ် ဆိုးကျိုးကို ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့ အနေအထားနဲ့ ဖြစ်ပေါ်စေပါတယ်။
ဒီအတွက်ကြောင့် မြန်မာနဲ့ ပတ်သက်လို့ နိုင်ငံတကာ အလှူရှင်တွေနဲ့ ကူညီရေး အဖွဲ့အစည်းတွေက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း ကြီးမားတဲ့ အကျိုးဆက်တွေ သယ်ဆောင်လာပါတယ်။
မြန်မာစစ်တပ်ဟာ တိုင်းရင်းသား ဒေသအများအပြားဆီ လူသားချင်းစာနာမှု အကူအညီ ဖြန့်ဝေမှုတွေကို ပိတ်ပင်ထားပါတယ်။ အစားအစာနဲ့ ဆေးဝါးတွေကို လက်ခံမယ့်သူဆီ မရောက်အောင် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေကို တိုက်ခိုက်တာတွေလည်း ရှိပါတယ်။ ဒါတွေဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။
အခြားတစ်ဘက်မှာကျတော့ မြန်မာစစ်တပ်က ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီအပေါ် နိုင်ငံတကာက အသိအမှတ်ပြုရာ ရောက်စေတဲ့ ဆက်ဆံရေးမျိုး ရှိထားတဲ့ နိုင်ငံရေးနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပတ်သက်မှုတွေလည်း တွေ့နေရပါတယ်။
ဥပမာတစ်ခု ပြရရင် နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေဟာ လက်ရှိအာဏာပိုင်တွေကို တရားဝင် အတည်ပြုရာ ရောက်စေတဲ့လုပ်ရပ် ဖြစ်ပါတယ်။
ဒုတိယတစ်ခုကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနဲ့ အတူယှဉ်တွဲပြီး မြင်လာရရင် အာဏာသိမ်းမှုကို တစ်ခဲနက် ဆန့်ကျင်ကြတဲ့ ပြည်သူတွေက ဒီအဖွဲ့တွေကို မယုံကြည်မှု မြင့်တက်လာမယ့်အရေးပါ။
တတိယအားဖြင့်ကတော့ မြန်မာစစ်တပ်နဲ့ ဒီလိုပတ်သက်မှုကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ အတွင်းမှာကိုက တင်းမာမှုတွေ ပေါ်လာနိုင်တာပါ။ ဒီအဖွဲ့အစည်းတွေထဲမှာ စစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်တဲ့ ဒေသခံဝန်ထမ်းတွေလည်း အများအပြား ရှိနေတဲ့အတွက် ဖြစ်ပါတယ်။
နိုင်ငံတကာ အုပ်စုတွေအနေနဲ့ မြန်မာ့နိုင်ငံရေး စစ်မြေပြင်မှာ သူတို့ဟာ ကြားနေပါတယ်လို့ ဘယ်လောက်ပဲပြောပြော သူတို့ရဲ့ ထောက်ပံ့ရေးလမ်းကြောင်း ပုံစံတွေကိုတော့ ကြားနေအဖြစ် မြင်လို့ မရပါဘူး။ ကြားနေဖို့ ကြိုးစားတဲ့အတွက် ဆိုးကျိုးတွေတောင် ပေါ်ထွက်စေနိုင်ပါသေးတယ်။ ဥပမာအားဖြင့် တစ်ဘက်ဘက်က ပြတ်ပြတ်သားသား မရပ်တည်တဲ့အတွက် သူတို့ရဲ့ ပစ္စည်းထောက်ပံ့မှုမှာ စစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီဘက်က နိုင်ငံရေးအရ အမြတ်ထုတ်သွားတာမျိုး ဖြစ်ပါတယ်။ ဒီလိုဖြစ်သွားရင် နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နောက်ကွယ်က အားပေးသူတွေ ဖြစ်သွားနိုင်ပါတယ်။
လူသားချင်းစာနာမှု အကူအညီတွေကို ထိထိရောက်ရောက် ထောက်ပံ့နိုင်ရေးဆိုတာ ကြားနေဖြစ်မှ လုပ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ လူသားချင်းစာနာမှု အကူအညီပေးရေး နယ်ပယ်မှာ ကြားနေရေးအတွက် ငြင်းခုံဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံမှာ အသစ်အဆန်း မဟုတ်တော့ပါဘူး။
၁၉၉၀ ကျော် သက္ကရာဇ် ၂၀၀၀ အလွန် ကာလတွေမှာ နိုင်ငံတကာ အလှူရှင်တွေဟာ မြန်မာနိုင်ငံထဲက NGO တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို ရန်ပုံငွေထောက်ပံ့ခြင်း၊ နယ်စပ်ဖြတ်ကျော်ပြီး ကူညီထောက်ပံ့ခြင်း နည်းလမ်းတွေ အသုံးပြုပြီး အဲဒီချိန်က အုပ်ချုပ်နေတဲ့ စစ်အစိုးရကို ရှောင်ကွင်းနိုင်ခဲ့ပါတယ်။ ဒီနည်းလမ်းတွေဟာ အုပ်ချုပ်သူတွေကို အဆက်အဆံ မပြုလုပ်ရေး မူဝါဒနဲ့ ပုံဖော်ထားတာ ဖြစ်သလို ဒီအကူအညီတွေကို တိုင်းပြည်ကို မတရားအုပ်ချုပ်နေတဲ့ စစ်အစိုးရက တလွဲအသုံးချသွားမှာကို စိုးရိမ်မှုနဲ့ ဆောင်ရွက်ခဲ့တာပါ။
နယ်စပ်ဖြတ်ကျော် ကူညီပေးတဲ့ အဖွဲ့အစည်းတွေထဲမှာ ကျန်းမာရေး၊ ပညာရေး အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖွဲ့စည်းထားတဲ့ အကူအညီပေးရေး အဖွဲ့တွေ၊ EAO တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ရှိကြတဲ့ ဒေသခံ အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။
ဒီအဖွဲ့တွေဟာ နိုင်ငံတကာ အကူအညီတွေကို မြန်မာနိုင်ငံထဲ ရောက်အောင် အိမ်နီးချင်းနိုင်ငံတွေ (များသောအားဖြင့် ထိုင်းနိုင်ငံ) ကတစ်ဆင့် လမ်းကြောင်းဆွဲပြီး စီမံထောက်ပံ့ပါတယ်။ ဒါပေမဲ့ ဒါတွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ဝန်ထမ်းအများစုက မြန်မာပြည်ထဲကပါ။
ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန်အစိုးရ အာဏာရလာတော့ အလှူရှင်အများစုဟာ နိုင်ငံရေး အပြောင်းအလဲကြောင့် အားတက်ခဲ့ကြသလို အစိုးရသစ်နဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ အားသန်ခဲ့ကြပါတယ်။ ဒါနဲ့ပဲ သူတို့ရဲ့ ကူညီထောက်ပံ့မှုတွေကို ပြည်တွင်းက တရားဝင် လုပ်ထုံးလုပ်နည်း လမ်းကြောင်းတွေက တစ်ဆင့် ဆောင်ရွက်လာကြပါတယ်။
နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ ဒီလိုမျိုး နိုင်ငံရေးအရ အသွင်ပြောင်းမှုကြောင့် နယ်စပ်ဖြတ်ကျော် ကူညီကြတဲ့ အဖွဲ့အစည်းတွေဟာ အကူအညီရရှိတဲ့ ရန်ပုံငွေတွေ သိသိသာသာ လျှော့ချခံရတာ ဖြတ်တောက်ခံရတာတွေ ကြုံလာရပါတယ်။ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အဖွဲ့တွေဟာ သိပ်နိုင်ငံရေးဆန်တယ်၊ ဒါမှမဟုတ်လည်း ကြားနေမှုမရှိဘူး စတဲ့ စွပ်စွဲချက်တွေနဲ့ အတူ ဒီလို ရန်ပုံငွေ ဖြတ်တောက်ခံရခြင်းမျိုး ကြုံလာရတာ ဖြစ်ပါတယ်။
ဒီအခက်အခဲတွေကြားကပဲ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ဒေသခံ ကူညီထောက်ပံ့ရေး အဖွဲ့တွေဟာ နယ်စပ်ဒေသတွေမှာ အရေးပါတဲ့ ကူညီထောက်ပံ့မှုတွေကို ဆက်လက် ဆောင်ရွက်ခဲ့ကြပါတယ်။
လက်ရှိမှာ နယ်စပ်ဒေသတွေမှာ ပဋိပက္ခနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ မြင့်တက်လာနေပါတယ်။ မြို့ပြတွေက CDM အဖွဲ့ဝင်တွေနဲ့ တခြား အရပ်သားတွေဟာလည်း EAOs ထိန်းချုပ်နယ်မြေတွေဆီ လာရောက် ခိုလှုံမှုတွေ ပိုများလာပါတယ်။ ဒါကြောင့် လူမှုရေး အဖွဲ့အစည်းတွေဟာ အကူအညီပေးရေး လုပ်ငန်းတွေကို ဆထက်တိုး လုပ်လာရပါတယ်။ တစ်ပြိုင်တည်းမှာ ဒီအဖွဲ့တွေထဲက တစ်ချို့ဟာ ကိုဗစ် တိုက်ဖျက်ရေးကိုလည်း ရှေ့တန်းက တာဝန်ယူ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီအဖွဲ့တွေဟာ လက်ရှိ မြန်မာ့အကျပ်အတည်းကို တုံ့ပြန်ရေးမှာ လူသားအရင်းအမြစ်၊ ကွန်ရက် ဖြန့်ကြက်နိုင်စွမ်း အစရှိတဲ့အချက်တွေ အဆင်သင့် ရှိနေကြပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့တွေအတွက် ရန်ပုံငွေ အရေးတကြီး လိုအပ်နေပါတယ်။ သူတို့ကို ရန်ပုံငွေ ထောက်ပံ့ခြင်းဟာ ကြားနေတဲ့ လုပ်ရပ်တစ်ခု မဟုတ်တာတော့ သေချာပေါက် သိသာတဲ့အချက်ပါ။
ဒါပေမဲ့လည်း နိုင်ငံတကာ အလှူရှင်တွေနဲ့ ထောက်ပံ့ရေး အဖွဲ့အစည်းတွေအနေနဲ့ ကြားနေဖို့ ကြိုးစားနေခြင်းထက် ပိုအရေးကြီးတဲ့ အချက်က ထိခိုက်နစ်နာအောင် မပြုလုပ်မိဖို့၊ ဒုက္ခမပေးမိဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေ အဓိက ဦးစားပေးရမှာက စစ်တပ်ရဲ့ စီမံအုပ်ချုပ်ရေး ကောင်စီကို တရားဝင် အသိအမှတ်ပြုရာ မရောက်တဲ့ အကူအညီတွေ ဒုက္ခသည်တွေကို ပေးဖို့ပါ။
တစ်ချိန်တည်းမှာပဲ အကူအညီတွေကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်တွေကို လျှော့ချပြီး ကယ်ဆယ်ရေးအကူအညီတွေ ဖန်တီးပေးတဲ့ နည်းလမ်းမျိုး သုံးပြီး ဒေသအဆင့် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ကိုင်သင့်ပါတယ်။ မြန်မာက လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာ စောဒကတက်ဖူးသလိုပါပဲ။ “ဒေသခံ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ရုံးလာဖွင့်ပြီး သူ့အလုပ်သူ လာလုပ်သွားတဲ့ လုပ်ရပ်မျိုးဟာ ဒေသခံအဖွဲ့တွေကို ပထုတ်ပြီး ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို သူတို့ချည်းပဲ လက်ဝါးကြီးအုပ်ထားတဲ့ လုပ်ရပ်ကို ပြသနေတာ ဖြစ်ပါတယ်။” လို့ သူက ဆိုပါတယ်။
ပဋိပက္ခဒဏ် ခံနေရတဲ့ နယ်စပ်ဒေသက ပြည်သူတွေကို ထောက်ပံ့ရေးမှာ နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အဖွဲ့တွေကို ရန်ပုံငွေ ထောက်ပံ့သင့်ပါတယ်။ နိုင်ငံတကာ NGO တွေ၊ ကုလအဖွဲ့အစည်းတွေ အနေနဲ့ ဒေသခံ လူမှုရေး အဖွဲ့အစည်းတွေနဲ့ အချိုးတူ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေကို ဒေသခံအဖွဲ့တွေက တစ်ဆင့် ဖြန့်ချိသင့်ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကြီးကို ဖြေရှင်းဖို့အတွက်ဆိုရင် အကူအညီတွေကို NUG ဖွဲ့စည်းထားတဲ့ ကိုဗစ်-၁၉ ကူညီ ကယ်ဆယ်ရေး အဖွဲ့၊ ဒေသခံ ကျန်းမာရေးအဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
ဒီအချက်ဟာ အရေးပေါ် အကူအညီလိုအပ်ချက်တွေကို ဖြေရှင်းရာမှာ အရေးပါသလို ကာလရှည် ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် ပါဝင်ကူညီရာမှာလည်း အရေးပါပါတယ်။
တိုင်းရင်းသားနဲ့ လူမှုဝန်းကျင် အခြေပြု ဝန်ဆောင်မှုစနစ်တွေ ရေရှည်တည်တံ့အောင် ကူညီထောက်ပံ့ခြင်း၊ ထူထောင်ပေးခြင်းအားဖြင့် ဆယ်စုနှစ်များစွာ ရှိလာခဲ့တဲ့ မြန်မာ့ပဋိပက္ခကို ပိုမိုဆိုးဝါးစေတဲ့ စနစ်တကျ ခွဲခြားဆက်ဆံမှုနဲ့ မတရားမှု အချို့ကိုလည်း ကူညီဖြေရှင်းပေးရာ ရောက်ပါတယ်။
တစ်ချိန်တည်းမှာ မြန်မာပြည်ဗဟိုချက်မက အစိုးရ ထိန်းချုပ်ရာ ဒေသတွေမှာလည်း ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်။ ဒီနေရာက လူထုကို လက်လှမ်းမီဖို့ ဆိုရင် နိုင်ငံတကာ NGO တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသန္တရအဆင့် အင်အားစုတွေရဲ့ အသံတွေကို နားထောင်သင့်ပါတယ်။ ပြီးရင် ဒီအင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရပါမယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း စစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီဘက်က ပါဝင်မှုကို ကန့်သတ်ထားတဲ့ နည်းလမ်းတွေ၊ ထောက်ပံ့ရေး အကူအညီတွေကို အမှန်တကယ် ဒေသခံတွေရဲ့ ဆုံးဖြတ်ချက်တွေ တုံ့ပြန်မှုတွေနဲ့ အကောင်အထည်ဖော်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်သင့်ပါတယ်။
ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှုဟာ ပိုမိုကျယ်ပြန့်လာပြီး ဒေသတွင်ကိုပါ ဂယက်ရိုက်ခတ်မှု ရှိလာနေပြီ ဖြစ်တဲ့အတွက် ဒေသတွင်း နိုင်ငံတွေရဲ့ တွန်းအားလည်း ရှိနေပါတယ်။
နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကို သံတမန်နည်းနဲ့ နိုင်ငံရေးနည်းအရ ဖိအားပေးမှုတွေ ကျင့်သုံးရပါမယ်။ လူသားချင်းစာနာမှု အကူအညီတွေ နယ်စပ်ဖြတ်ကျော် ပေးအပ်ခြင်းကို အကန့်အသတ်တွေ မထားဘဲ ခွင့်ပြုပေးဖို့ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ မြန်မာနိုင်ငံတစ်ဝန်းက ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးနိုင်ရေး၊ ကိုဗစ်-၁၉ ကပ်ဘေးကို ကူညီဖြေရှင်းပေးရေး တို့အတွက် ပါဝင်ဆောင်ရွက်လာအောင် အာဆီယံနဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကိုလည်း ဖိအားပေးရပါမယ်။
လူသားချင်း စာနာမှု အကူအညီတွေတွေဟာ နိုင်ငံရေးဆန်ပြီး နိုင်ငံရေးအရ အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတဲ့ အချက်ကို နိုင်ငံတကာ အင်အားစုတွေ အသိအမှတ်ပြုလာအောင် မြန်မာ့ လူ့အခွင့်အရေး အကျပ်အတည်းကြီးက တွန်းအားပေးနေပါတယ်။
နိုင်ငံတကာအလှူရှင်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှု အကူအညီတွေ တောက်လျှောက် ကူညီထောက်ပံ့ပေးနေဖို့ လိုအပ်ပါတယ်။
ဒီလိုကူညီရာမှာ သူတို့အနေနဲ့ စစ်အုပ်ချုပ်ရေးကို တစ်ခဲနက် ဆန့်ကျင်နေကြတဲ့၊ စစ်အုပ်ချုပ်ရေးဒဏ်ကို ခါးစီးခံနေကြရတဲ့ မြန်မာပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်လျှက်ရှိကြောင်းကိုလည်း ပြသရပါလိမ့်မယ်။
ရာဗီချန်ဒရာကူးမား
ရည်ညွှန်း - ‘Myanmar human rights crisis needs solidarity-based approach’ by Anne Décobert, ASIA TIMES