- တောင်ကုတ်တွင် တစ်ရက်အတွင်း ကျေးရွာနှစ်ရွာ ဗုံးကြဲခံရ၍ အရပ်သား ၁၀ ခန့် သေဆုံးဒဏ်ရာရ
- ဆက်သွယ်ရေးလိုင်း ပြတ်နေသည့် ရခိုင်ဒေသတွင် သတင်းစီးဆင်းမှု နှောင့်နှေးလာ
- ရှားပါးငှက်မျိုးစိတ်များအား ဖမ်းဆီးသတ်ဖြတ်မှုကို တားဆီးရန် လိုအပ်နေ
- နပခ ဒု-တိုင်းမှူး အမ်းမှ ထွက်ပြေး
- UNHCR ဝန်ထမ်းတစ်ဦး မြန်မာစစ်တပ်ဆီမှာ ဘယ်လိုနှိပ်စက်ခံရပြီး သေဆုံးခဲ့သလဲ
ရှားပါးငှက်မျိုးစိတ်များအား ဖမ်းဆီးသတ်ဖြတ်မှုကို တားဆီးရန် လိုအပ်နေ
နဂိုကတည်းက မျိုးသုဉ်းမည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသော ရှားပါးငှက်မျိုးစိတ်များမှာ စစ်ရေးပဋိက္ခကြောင့် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ မလုပ်နိုင်သဖြင့် ဖမ်းဆီးသတ်ဖြတ်မှုများနှင့် ကြုံနေကြရသည်။
31 Oct 2024
DMG ၊ အောက်တိုဘာ ၃၁
ရခိုင်ဒေသတွင်း ကာကွယ်ထိန်းသိမ်းသင့်သော ရှားပါးငှက်မျိုးစိတ်များအား ဖမ်းဆီးသတ်ဖြတ်ကာ ရောင်းချနေမှုများကို တားဆီးရန် အရေးတကြီးလိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆောင်ရွက်သူများက ပြောဆိုကြသည်။
နဂိုကတည်းက မျိုးသုဉ်းမည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသော ရှားပါးငှက်မျိုးစိတ်များမှာ စစ်ရေးပဋိက္ခကြောင့် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ မလုပ်နိုင်သဖြင့် ဖမ်းဆီးသတ်ဖြတ်မှုများနှင့် ကြုံနေကြရသည်။
" ကျနော်တို့ ရခိုင်ဒေသမှာ ငှက်မျိုးစိတ်တွေက တစ်နှစ်ထက်တစ်နှစ် ရှားပါးလာတယ်။ ထိန်းသိမ်းမှုကလည်း အားနည်းတော့ တချို့ငှက်မျိုးစိတ်တွေဆိုရင် မျိုးသုဉ်းတဲ့အထိ ဖြစ်သွားပြီ။ အခုလိုကာလမျိုးမှာဆို အတားအဆီးမရှိတော့ ပိုဆိုးသွားတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေမှာ သတ်ဖြတ်လို့မရဘူး။ အလေးထားထိန်းသိမ်းသင့်တဲ့ အရာတွေဖြစ်တယ်" ဟု ရခိုင်က သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။
ယခင်က ရခိုင်ဒေသတွင် ယခုကဲ့သို့ ဆောင်းဦးပေါက်ရာသီတွင် ငှက်မျိုးစုံကိုနေရာအနှံ့အပြားတွင် တွေ့ရသော်လည်း ယခုအခါ အလွန်နည်းပါးသွားပြီလည်းဖြစ်သည်။
ဇီဝမျိုးစိတ်များစွာ ကျက်စားနေထိုင်ရာ ရသေ့တောင်မြို့နယ်ရှိ နံ့သာကျွန်းနှင့် ဂွမြို့နယ်ရှိ ကျွန်းနံ့သာကျွန်းတို့တွင်လည်း ကာကွယ်ထိန်းသိမ်းမှုမရှိတော့သဖြင့် ဖမ်းယူသတ်ဖြတ်မှုများလာနေကြောင်း ဒေသခံများထံမှ သိရသည်။
" ထိန်းသိမ်းသူတွေမရှိတော့ လူတွေ ကျွန်းပေါ်က ငှက်တွေကို လာပစ်ကြတယ်။ အခုဆိုရင် ဆောင်းရာသီကို ရောက်လာပြီဆိုတော့ ဆောင်းခိုငှက်တွေလည်း ဝင်လာတော့မှာ။ ဒါတွေကို မထိန်းသိမ်းနိုင်ရင်တော့ ငှက်မျိုးစိတ်တွေက ဆက်ပြီးသတ်ဖြတ်ခံနေရမှာပဲ" ဟု ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။
နံ့သာကျွန်း၊ အဏ္ဏဝါအမျိုးသားဥယျာဉ်တွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် ဆောင်းခိုငှက်များအပါအဝင် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ပေါင်း ၈၀ ခန့်ကျက်စားလေ့ရှိသည်။
ပြီးခဲ့သည့်နှစ်က တိုက်ခိုက်ခဲ့သည့် "မိုခါ" မုန်တိုင်းအလွန်၌ နံ့သာကျွန်းသို့ ရှားပါးစိတ်သတ္တဝါများ လာရောက်ကျက်စားမှု ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ကြောင်း ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းများအရ သိရသည်။
ဂွမြို့နယ်ရှိ ကျွန်းနံ့သာတွင်လည်း ဒေသတွင်း တိုက်ပွဲများကြောင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ကိုင်နေသူများမှာ စစ်ဘေးတိမ်းရှောင်နေရသဖြင့် ထိန်းသိမ်းမှုအားနည်းသွားသည်။
"တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးသွားကြတာ။ ကျွန်းနံ့သာမှာ ထိန်းသိမ်းရေးအဖွဲ့ လုပ်နေသူတွေလည်း မရှိတော့ဘူး။ အဲဒီကျွန်းမှာ နဂိုကတည်းက စစ်တပ်ရှိတယ်။ ကျွန်းကို သဘာဝပတ်ဝန်းအရေးဆောင်ရွက်သူတွေ ထိန်းသိမ်းတာကတော့ မတူဘူး" ဟု ဂွမြို့နယ်၊ ကျိန္တလီမြို့ခံတစ်ဦးက ပြောသည်။
ရခိုင်ဒေသအတွင်း ကျက်စားနေထိုင်ကြသော ဇီဝမျိုးစုံမျိုးကွဲများကို အချိန်မီမထိန်းသိမ်းနိုင်ပါက လုံးဝမျိုးသုဉ်းပျောက်ကွယ်သွားနိုင်သဖြင့် အာရက္ခပြည်သူ့အစိုးရအနေဖြင့် အလေးဆောင်ရွက်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများက ထောက်ပြပြောဆိုနေကြသည်။