- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
ငှက်မျိုးစိတ်များ ဥချသားပေါက်ကာလတွင် ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုလုပ်ဖို့ လိုအပ်
မြန်မာနိုင်ငံတွင် ထိန်းသိမ်းစောင့်ရှောက်မှုအပြည့်အဝကာကွယ်ထားသော ငှက်မျိုးစိတ် ၄၂၈ မျိုး၊ သာမန်ကာကွယ်မှုပြုလုပ်ထားသော ငှက်မျိုးစိတ် ၂၆၇ မျိုးနှင့် ရာသီအလိုက်ကာကွယ်ထားသော ငှက်မျိုးစိတ် ၁၉၃ မျိုးရှိပြီး အများစုမှာ ဧပြီလမှ ဩဂုတ်လအတွင်း ဥချသားပေါက်လေ့ရှိသည်။
03 May 2023
DMG ၊ မေ ၃
ငှက်မျိုးစိတ်များ ဥချသားပေါက်သော ကာလဖြစ်သည့် ဧပြီလမှ ဩဂုတ်လအတွင်း ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ပါက မျိုးပွားနှုန်းလျော့နည်းသွားပြီး မျိုးတုန်းပျောက်ကွယ်သွားနိုင်သည့်အတွက် ထိုကာလအတွင်း ဖမ်းဆီးသတ်ဖြတ်ခြင်းများ မပြုလုပ်ကြရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေသူများက ပြောဆိုကြသည်။
“ဥချချိန်မှာ ဘေးအန္တရာယ်အမျိုးမျိုးကြောင့် မျိုးပွားနှုန်းဟာ ရာနှုန်းပြည့်မအောင်မြင်နိုင်ဘူး။ အဲ့ဒီထဲ ငှက်တွေ၊ ဥတွေကိုသာ ထပ်ပြီးသတ်ဖြတ်လိုက်ကြမယ် ဆိုရင်တော့ အကောင်အရေတွက်ဟာ ဒီထက်ပိုပြီးတော့ လျော့နည်းလာမယ်” ဟု ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရေးအဖွဲ့ ဥက္ကဌ ဦးရန်နောင်စိုးက ပြောသည်။
မြန်မာနိုင်ငံတွင် ထိန်းသိမ်းစောင့်ရှောက်မှုအပြည့်အဝကာကွယ်ထားသော ငှက်မျိုးစိတ် ၄၂၈ မျိုး၊ သာမန်ကာကွယ်မှုပြုလုပ်ထားသော ငှက်မျိုးစိတ် ၂၆၇ မျိုးနှင့် ရာသီအလိုက်ကာကွယ်ထားသော ငှက်မျိုးစိတ် ၁၉၃ မျိုးရှိပြီး အများစုမှာ ဧပြီလမှ ဩဂုတ်လအတွင်း ဥချသားပေါက်လေ့ရှိသည်။ ထိုကာလအတွင်း ဥချသားပေါက်သည့် ငှက်မျိုးစိတ်ထဲတွင် ဒေါင်းမဲ၊ ဗျိုင်းမဲ၊ ခရုစုပ်၊ ဇီးကွက်၊ ဥသြ၊ ကြိုးလင်းပြာ၊ ကြိုးလယ်ပျောက်၊ သပိတ်လွယ်၊ ပျံလွှားငှက် စသည့် ငှက်မျိုးစိတ်များအပြင် ရေငှက်၊ တောငှက်များလည်း ပါဝင်သည်။
ငှက်မျိုးစိတ်များမှာ နေ့စဉ်နှင့်အမျှ ဖမ်းဆီးသတ်ဖြတ်ခံနေရသည့်အတွက် တစ်နှစ်ထက်တစ်နှစ် အကောင်အရေအတွက် နည်းပါးလာပြီး မျိုးတုန်းပျောက်ကွယ်မည့်အရေးနှင့် ကြုံတွေ့နေရသည်။ ငှက်မျိုးစိတ်များနည်းပါးလာသည့် နောက်ထပ်အကြောင်းအရာတစ်ခုမှာ သစ်တောပြုန်းတီးမှုနှင့်လည်း ဆပ်စပ်နေသဖြင့် သက်ဆိုင်ရာဌာနများနှင့် ဒေသခံများက ပူးပေါင်း ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်နေသည်။
“ဒီကနေ့ထိရှိသေးတဲ့ ငှက်တွေကို စားသောက်ဖို့ထက် ထိန်းသိမ်းဖို့လိုတယ်။ ဒီငှက်တွေကို ဘယ်လိုတန်ဖိုးထားရမယ်၊ ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာကို အစိုးရဘက်ကလည်း ထိထိရောက်ရောက် ဟောပြောပေးဖို့ လိုပါတယ်။ လိုအပ်ရင် အသိပေးဆိုင်းဘုတ်တွေလည်း ထောင်ရမယ်” ဟု ငှက်မျိုးစိတ်များထိန်းသိမ်းရေးဆောင်ရွက်နေသော ရမ်းဗြဲမြို့နယ်မှ ကိုအောင်ဇေမင်းက ပြောသည်။
ငှက်မျိုးစိတ်များပြန့်ပွားမှုမှာ ဂေဟစနစ်နှင့်တိုက်ရိုက်ချိတ်ဆက်နေ၍ သစ်တောများကို ထိန်းသိမ်းခြင်းအပြင် ငှက်မျိုးစိတ်ထိန်းသိမ်းရေးလုပ်ငန်းများကို ငွေကြေးအကုန်ကျခံပြီး လုပ်ဆောင်ရန်လိုအပ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သူများက တောင်းဆိုကြသည်။
သစ်တောပြုန်းတီးခြင်းနှင့် ငှက်မျိုးစိတ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းများနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို နယ်မြေတည်ငြိမ်သော ဒေသများတွင် သက်ဆိုင်ရာမြို့နယ်အလိုက် နှစ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးအေးမင်းလှိုင်က “တိရစ္ဆာန်တွေကို ဥချတဲ့ကာလပဲဖြစ်ဖြစ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ် သတ်ဖြတ်လို့မရပါဘူး။ ဥပဒေမှာလည်း ပြဌာန်းပြီးသားဖြစ်တယ်။ ဒါတွေနဲ့ပတ်သက်ပြီး တစ်လမှာတစ်ကြိမ် ဟောပြောပွဲလုပ်တာရော၊ ဥပဒေအရတားမြစ်တာတွေ ရှိတယ်။ ပြည်သူတွေဘက်ကတော့ လိုက်နာမှုအားနည်းနေဆဲပါပဲ” ဟု ပြောသည်။
၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ပြဌာန်းခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေတွင် -
“လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် သို့မဟုတ် နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရဖြစ်စေခြင်းကို ကျူးလွန်ပါက အနည်းဆုံး သုံးနှစ်မှ အများဆုံး တစ်ဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်” ဟု ဖော်ပြထားသည်။
“သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို အမဲလိုက်ခြင်း သို့မဟုတ် ရောင်းချခြင်းကို ကျူးလွန်ပါက ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ပြဌာန်းထားသည်။
#R010