- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
စစ်တွေ - ရန်ကုန်ကားလမ်း ကျားမသောက်ရွာအနီးရှိ ယာယီစစ်ဆေးရေးဂိတ်ကို AA က လက်နက်ကြီးဖြင့် ၅ ကြိမ်ထက်မနည်း လှမ်းပစ်ခဲ့ပြီးနောက် စစ်ကောင်စီကလည်း လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
28 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၈
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းအချိန် အာရက္ခတပ်တော်က လက်နက်ကြီးလှမ်းပစ်ခဲ့၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်တွေ - ရန်ကုန်ကားလမ်း ကျားမသောက်ရွာအနီးရှိ ယာယီစစ်ဆေးရေးဂိတ်ကို AA က လက်နက်ကြီးဖြင့် ၅ ကြိမ်ထက်မနည်း လှမ်းပစ်ခဲ့ပြီးနောက် စစ်ကောင်စီကလည်း လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်ခဲ့တာ သေချာတယ်။ AA က အရင်ဆုံး လက်နက်ကြီးနဲ့ပစ်တာ။ အဲဒီစခန်းမှာ အမြောက်တပ်လည်း ထိုင်ထားတယ်။ စခန်းဂိတ်ကိုပစ်တာလား၊ အမြောက်တပ်ကို ပစ်တာလားဆိုတာတော့ မသဲကွဲဘူး။ ပြီးတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ တခြားနေရာတွေကိုလည်း ရမ်းသမ်းပစ်ခဲ့တယ်” ဟု ပြောသည်။
စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည်တစ်လုံးမှာ ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာတွင် ယမန်နေ့ ည ၈ နာရီခွဲအချိန် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။
စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အနီးရှိ ကျောက်တန်းကြီး၊ ကျားမသောက်၊ ကျောက်တန်းချေ စသည့် ကျေးရွာများတွင် စစ်ကောင်စီက နေရာယူထားပြီး AA ထိုးစစ်ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
စစ်တွေဒေသခံများကို DMG က ဆက်သွယ်မေးမြန်းရာ ယနေ့တွင်လည်း စစ်တွေမြို့ အမှတ် ၁၂ ရဲတပ်ရင်းက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။
စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “ပစ်ခတ်သံတွေ အများကြီး ကြားလိုက်ရတယ်။ မြို့ထဲကလည်း ကြားရတယ်။ မြို့ပြင်ကလည်း လက်နက်ကြီး ပစ်သံတွေ ကြားရတယ်” ဟု ပြောသည်။
စစ်တွေမြို့နယ်တွင် စစ်ကောင်စီက မကြာခဏ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ခြင်းအပြင် မြို့တွင်း ရပ်ကွက်များကိုလည်း ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။
ရဲ၊ လဝကနှင့် စစ်ကောင်စီစစ်သားများက မြို့တွင်းရှိ လူမနေသည့် နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ စစ်ဆေးမှုလုပ်ဆောင်နေသည်မှာ လနှင့်ချီကြာမြင့်နေပြီဟု စစ်တွေမြို့ခံအမျိုးသမီးက ပြောသည်။
“ပြီးခဲ့တဲ့ရက်ကဆိုရင် ဈေးကြီးပတ်ဝန်းကျင်က အိမ်တွေကို ဖောက်လို့ စစ်ခဲ့တာ။ လူရှိလား၊ မရှိလား စစ်ဆေးတာ။ ဘာလို့ စစ်ဆေးမှန်းတော့ မသိဘူး” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခြင်းများ ရှိနေသဖြင့် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် နေထိုင်နေရသော စစ်တွေမြို့ခံများမှာ လုံခြုံရေးစိုးရိမ်မှုများ ရှိနေကြသည်။
စစ်တွေမြို့နယ်မှ အမြင့်ကျွန်း၊ ချီလည်ပင်း၊ သိန်းတန်၊ ကျားမသောက်၊ တောကန် စသည့်ကျေးရွာများနှင့် အနီးအနားတွင် ယခုရက်ပိုင်း စစ်ကောင်စီက အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး AA ကလည်း ၎င်းတို့ ထိန်းချုပ်နေရာများတွင် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ထားသည်။