စစ်ကောင်စီ ဖမ်းဆီးသွားသည့် စစ်တွေဒေသခံ ၂၀ ခန့် (၇)လ ကြာသည်ထိ သတင်းမရဘဲ ပျောက်နေ

ဖမ်းဆီးခံရသူများမှာ အောင်တိုင်ကျေးရွာမှ ရာအိမ်မှူး ဦးအောင်သန်းဝင်း(ခ) ကိုညီညီနှင့် ယောက္ခထီးဖြစ်သူ၊ ဦးလှဝင်း၊ မောင်ထွန်းလင်း၊ ကိုငြိမ်းငြိမ်းလင်း၊ ကိုမိုးဒီ၊ မောင်ပြား၊ ကိုကျော်သန်း၊ သန်းဇော် ဦး၊ ဦး ထွန်းဦးစိန်၊ ဦးမောင်သိန်းတို့ဖြစ်ပြီး ကျက်တောပြင်ကျေးရွာမှ ကိုထွန်းဝင်းနိုင်၊ ကိုကျော်ကျော်အပါအဝင် ၆ ဦးတို့ဖြစ်သည်။

By Admin 24 Jan 2025

ပုံစာ - စစ်တွေမြို့မရဲစခန်းရှေ့တွင် လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။
ပုံစာ - စစ်တွေမြို့မရဲစခန်းရှေ့တွင် လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။

 
DMG ၊ ဇန်နဝါရီ ၂၄

စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာနှင့် ကျက်တောပြင်ကျေးရွာမှ ဒေသခံ ၂၀ ခန့်မှာ လက်ရှိတွင် (၇) လခန့်ကြာမြင့်လာပြီဖြစ်သော်လည်း သတင်းအစအနမရဘဲ လုံးဝပျောက်ဆုံးနေကြောင်း မိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရသည်။ 

ဖမ်းဆီးခံရသူများမှာ အောင်တိုင်ကျေးရွာမှ ရာအိမ်မှူး ဦးအောင်သန်းဝင်း(ခ) ကိုညီညီနှင့် ယောက္ခထီးဖြစ်သူ၊ ဦးလှဝင်း၊ မောင်ထွန်းလင်း၊ ကိုငြိမ်းငြိမ်းလင်း၊ ကိုမိုးဒီ၊ မောင်ပြား၊ ကိုကျော်သန်း၊ သန်းဇော် ဦး၊ ဦး ထွန်းဦးစိန်၊ ဦးမောင်သိန်းတို့ဖြစ်ပြီး ကျက်တောပြင်ကျေးရွာမှ ကိုထွန်းဝင်းနိုင်၊ ကိုကျော်ကျော်အပါအဝင် ၆ ဦးတို့ဖြစ်သည်။

အောင်တိုင်ကျေးရွာမှ မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက “ လုံးဝအဆက်သွယ်မရတာပါ။ ပထမ တုန်းကတော့ စစ်တွေတပ်ထိန်းဂိတ်နားက စခန်းကိုသွားမေးဖူးတယ်။ ရဲစခန်းကိုလည်း မေးဖူးတယ်။ မရှိဘူးလို့ပဲ ပြောတယ်။ အဲနောက်ပိုင်းမှာ ဖုန်းနဲ့အဆက်သွယ်လုပ်ကြည့်တော့လည်း မရဘူး။ ရုံးထုတ်တွေမှာလည်း သွားမေးဖူးပါတယ်  ” ဟု ပြောသည်။

အောင်တိုင်နှင့် ကျက်တောပြင်ကျေးရွာသား ၂၀ ခန့်မှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နှင့် ၇ ရက်အတွင်း စစ်ကောင်စီတပ်သား ၄၀ ခန့်က ကျေးရွာမှရွှေ့ပြောင်းပေးရမည့် ကိစ္စနှင့်ပတ်သက်၍ ပြောဆိုစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့မှာ ဖမ်းဆီးခံရသည့်နေ့မှစ၍ ယနေ့အထိ တစ်စုံတစ်ရာ သတင်းအစအနမကြားသိရဘဲ ပျောက်ဆုံးနေသည် မှာ ၇ လခန့် ကြာမြင့်လာခဲ့ပြီဖြစ်၍ မိသားစုဝင်းများက စိုးရိမ်နေကြသည်။ 

ဖမ်းဆီးခံရသူများမှာ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများဖြစ်ပြီး ၎င်းတို့ ဖမ်းဆီးခံထားရသဖြင့် မိသားစုဝင်များမှာ အခက်အခဲများစွာ ရှိနေကြသည်။

နောက်ထပ် ဖမ်းဆီးခံရသူ၏ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက “သေနေလား ရှင်နေလားတောင် သတင်းမရပါဘူး ” ဟု ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် အောင်တိုင်ကျေးရွာအနီးချောင်း၌ မျက်နှာစည်းထားပြီး လက်နောက်ပြန်ကြိုးတုတ်ကာ ဒဏ်ရာများဖြင့်သေဆုံးနေသည့် ရုပ်အလောင်း ၂၀ ခန့်ကိုတွေ့ခဲ့သော်လည်း မည်သူ၊ မည်ဝါဆိုသည်ကို အတည်မပြုနိုင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့ကြောင့် ဖမ်းဆီးခံရသည့် ကျေးရွာသားများ သေဆုံးသွားပြီလား၊ အသက်ရှင်သန်နေသေးလား ဆိုသည်နှင့်ပတ်သက်၍ မိသားစုဝင်များက သံသယရှိနေကြသည်။

စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီက ဒေသခံများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးသတ်ဖြတ်မှု၊ ထောင်ဒဏ်ချတ်မှုများ ဆက်လက်လုပ်ဆောင်နေသဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုမြင့်တက်လျက် ရှိနေကြသည်။

“ အဖမ်းဆီးခံရပြီး ပျောက်နေတာက စာရင်းမရသူရော စာရင်းဝင်သူရော ဘယ်လောက်တောင်ရှိ မလဲမသိဘူး။ စစ်ကောင်စီ လက်ထဲကိုရောက်သွားရင်တော့ သူတို့ လုပ်ချင်သလို လုပ်ကြတာ။ ဒါတွေကို ကာကွယ်ပေးမယ့် သူတွေလည်းမရှိတော့ ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်ဖို့ လိုအပ်ပါတယ်” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့်နှစ် မေလအတွင်းကလည်း စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသား ၇၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ရာနှင့်ချီသော ဒေသခံများကိုလည်း ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခဲ့သည်။ 

စစ်ကောင်စီ၏ အတင်းအဓမ္မဖိအားပေးမှုကြောင့် အောင်တိုင်အပါအဝင် ကျေးရွာပေါင်း ၂၀ ခန့်မှာ စစ်တွေမြို့ပေါ် သို့ ရွှေ့ပြောင်းထားကြရပြီး စားဝတ်နေရေးအခက်အခဲအပြင် လုံခြုံရေးအတွက်ပါ စိုးရိမ်ထိတ်စွာဖြင့် နေထိုင်နေကြရကြောင်း ပြောဆိုကြသည်။