ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ 

ဒီဇင်ဘာ ၂၈ ရက်တွင် ကျရောက်သည့် နှစ် (၅၀) ပြည့် ရွှေရတု အာခါအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် တိုင်းရင်းသားလက်နက်ကိုင် အရေးနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

By Admin 28 Dec 2024

ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်တိုင်း၊ မော်ဘီမြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းတွင် ပြုလုပ်သော အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်း ညစာစားပွဲသို့ တက်ရောက်လာသော စစ်ခေါင်းဆောင်။ ဓာတ်ပုံ - MOI
ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်တိုင်း၊ မော်ဘီမြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းတွင် ပြုလုပ်သော အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်း ညစာစားပွဲသို့ တက်ရောက်လာသော စစ်ခေါင်းဆောင်။ ဓာတ်ပုံ - MOI

DMG ၊ ဒီဇင်ဘာ ၂၈

လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များက မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

ဒီဇင်ဘာ ၂၈ ရက်တွင် ကျရောက်သည့် နှစ် (၅၀) ပြည့် ရွှေရတု အာခါအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် တိုင်းရင်းသားလက်နက်ကိုင် အရေးနှင့်ပတ်သက်၍ ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက် လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါသည်” ဟု စစ်ခေါင်းဆောင်က ပြောသည်။ 

အာခါလူမျိုးများသည် နိုင်ငံတော်အစိုးရလျှောက်လှမ်းနေသည့် လမ်းကြောင်းအတိုင်း လိုက်ပါဆောင်ရွက်ခဲ့၍ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာသည်ကို တွေ့ရှိခဲ့ရပြီးဖြစ်ကြောင်းစစ်ခေါင်းဆောင်က ဥပမာပြသည်။

စစ်ကောင်စီအနေဖြင့် တိုင်းရင်းလက်နက်ကိုင် အရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးစကားလုံးကို ဆုပ်ကိုင်ပြောဆိုနေခြင်းသည် အပြောသက်သက်ဖြစ်ပြီး လက်တွေ့ကျမှုနည်းပါးနေကြောင်း ရှုမြင်ကြသည်။ 

“စစ်ကောင်စီက အင်အားချိနဲ့နေချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ခေါ်တယ်။ ကိုယ်အဆင်ပြေချိန်မှာတော့ တိုက်ခိုက်တယ်။ တစ်ဖက်မှာ ငြိမ်းချမ်းရေးခေါ်ပြီး၊ တစ်ဖက်မှာ အင်အားသုံးတိုက်ခိုက်တာက သူတို့ရဲ့ နည်းပရိယာယ်ဖြစ်တယ်။ ဒါကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က စစ်ကောင်စီကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးအပေါ်မှာ မယုံကြည်တာတွေ၊ ဆွေးနွေးမှုမလုပ်တာတွေ ရှိတယ်။ ဒီအပေါ်မှာ စစ်ကောင်စီက ဒေါသထွက်ပြီး တဖွဖွပြောနေတာလို့ မြင်တယ်” ဟု DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် မကြာခဏ ဖိတ်ခေါ်လျက်ရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များက တက်ရောက်ဆွေးနွေးခြင်း မရှိခဲ့ပေ။ 

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နိုင်ငံတဝန်း နယ်မြေဆုံးရှုံးမှု များပြားလာပြီးနောက် တရုတ်ကြားဝင်မှုဖြင့် ညီနောမဟာမိတ်သုံးဖွဲ့နှင့် ဟိုင်ဂင်သဘောတူညီချက် ယူခဲ့သော်လည်း စစ်ကောင်စီဘက်မှ ချိုးဖောက်ခဲ့၍ စာချုပ်ကတိကဝက် ပျက်စီးခဲ့ရသည်။

လက်ရှိ ရှမ်းမြောက်ဒေသတွင် ကိုးကန့်တပ်နှင့် တအာင်းတပ်တို့ အပစ်ရပ်ထားပြီး အခြားဒေသများတွင် တော်လှန်ရေး အင်အားစုများကြား ပူးတွဲစစ်ဆင်ရေးနှင့်အတူ တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာနေသည်။