- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
ကျောက်ဖြူတွင် စစ်ဘေးရှောင်ဦးရေ ၁၁,၀၀၀ ကျော်သည့်အနက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးလက်ဒေသများ၌ ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင် ၆,၀၀၀ ခန့်မှာ အကျပ်အတည်းများစွာဖြင့် ကြုံတွေ့နေရသည်။
28 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၈
ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေး အခက်အခဲနှင့်ကြုံတွေ့နေရပြီး ယင်းအထဲမှ စစ်ဘေးရှောင် လူဦးရေ ၆,၀၀၀ ခန့်မှာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ကျောက်ဖြူတွင် စစ်ဘေးရှောင်ဦးရေ ၁၁,၀၀၀ ကျော်သည့်အနက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးလက်ဒေသများ၌ ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင် ၆,၀၀၀ ခန့်မှာ အကျပ်အတည်းများစွာဖြင့် ကြုံတွေ့နေရသည်။
“စစ်ဘေးရှောင် ၅,၀၀၀ လောက်ကတော့ အဖွဲ့အစည်းတစ်ခုကပေးတဲ့ လစဉ်ထောက်ပံ့ငွေကို ရရှိနေတာ ရှိတယ်။ ဒါပေမဲ့ ကျန်တဲ့ ၆,၀၀၀ လောက်ကတော့ ဘာကူညီမှုမှ မရသေးဘူး။ အခုဆိုရင် သူတို့အတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးအပြင် ဆောင်းရာသီဖြစ်တာမို့ အနွေးထည်နဲ့ စောင်တွေပါ အရေးပေါ်လိုအပ်နေတယ်" ဟု စစ်ဘေးရှောင်အရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီ - ကျောက်ဖြူမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် အဖွဲ့အစည်းတစ်ခုက ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်များထဲမှ ၅,၀၀၀ ခန့်ကို တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်နှင့်အထက်နှုန်းဖြင့် ဩဂုတ်လမှစ၍ လစဉ်ထောက်ပံ့လျက်ရှိသည်။ သို့သော်လည်း ကျန်စစ်ဘေးရှောင် ၆,၀၀၀ ခန့်မှာ ကူညီထောက်ပံ့မှု တစ်စုံတစ်ရာ မရရှိ၍ အရေးပေါ် အကူအညီများ လိုအပ်နေကြခြင်းဖြစ်သည်။
လက်ရှိတွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုအပါအဝင် အလုပ်အကိုင်ရှားပါးမှုကြောင့် စစ်ရှောင်များမှာ စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရပြီး ရေရှည်ရပ်တည်ရေးအတွက် စိုးရိမ်မှုများ ရှိနေကြသည်။
“ကိုယ့်ရပ်ကိုယ့်ဒေသမှာ အတည်တကျ နေထိုင်နေရတဲ့သူတွေတောင် အခုကာလမှာ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်နေရတာ။ ကျမတို့လို ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်တွေအတွက်ဆို ပိုဆိုးတာပေါ့။ ကျမတို့က ဘယ်နေ့မှာ ကိုယ့်အိမ်ကို ပြန်သွားရမလဲမသိသေးသလို၊ ဘယ်နှစ်ရက်ထိ မဝရေစာ စားနေရအုံးမလဲ ဆိုတာကိုလည်း မသိနိုင်သေးတော့ ရေရှည်အတွက် တွေးကြည့်တိုင်း စိတ်ပင်ပန်းရတယ်” ဟု မင်းတပ်တောင်ကျေးရွာမှ စစ်ဘေးရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နယ်ရှိ ဟင်းခရော်ပြွိန်၊ အဝတောင်၊ ဒွေးချ၊ မျှားချောင်း၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ပြိုင်းစေ့ကေ စသည့် ကျေးရွာပေါင်း ၂၀ ကျော် အပါအဝင် မြို့ပေါ်ရပ်ကွက်အချို့မှ ဒေသခံများမှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်မှု၊ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းအန္တရာယ်တို့ကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတမ်းရှောင်နေကြခြင်း ဖြစ်သည်။
လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား စစ်ရေးတင်းမာနေပြီး ကျောက်ဖြူမြို့နှင့် မြို့အနီးက ကျေးရွာ ၁၂ ရွာခန့်၊ တရုတ်စီမံကိန်းတည်ရှိရာ မဒေးကျွန်းမှလွဲ၍ ကျန်နေရာများကို AA က ထိန်းချုပ်စိုးမိုးထားကြောင်း သိရသည်။