- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
ဒီဇင်ဘာ ၂၇ ရက်က စစ်တွေ- ရန်ကုန် လက်မှတ်တစ်စောင်ကို ငွေကျပ် ၅၀၀,၀၀၀ ကျော်သာ ရှိခဲ့သော်လည်း ယနေ့ (ဒီဇင်ဘာ ၂၈ ) တွင် လက်မှတ်တစ်စောင်ကို ငွေကျပ် ၇၀၀,၀၀၀ ထိ ဈေးတက်သွားကြောင်း လက်မှတ်ဝယ်ယူသူများထံမှ သိရသည်။
28 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၈
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာ၍ ရန်ကုန်သို့ တိမ်းရှောင်ရန် လေယာဉ်လက်မှတ်ဝယ်ယူသူ များပြားနေကြောင်း သိရသည်။
ဒီဇင်ဘာ ၂၇ ရက်၊ ည ၈ နာရီခွဲခန့်တွင် စစ်တွေမြို့၊ အမှတ် (၃၄၄) အမြောက်တပ်နှင့် ပွိုင့်ကမ်းခြေအနီး နေဗီတို့မှ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်သို့ မိနစ် (၃၀) ခန့်ကြာ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သည်။
ယင်းနောက် ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ စစ်တွေဒေသခံများမှာ လုံခြုံရေးစိုးရိမ်မှုကြောင့် ပြည်မဘက်သို့ တိမ်းရှောင်ရန် လေယာဉ်လက်မှတ် အလုအယက် ဝယ်ယူနေကြခြင်းဖြစ်သည်။
“ဒီနေ့မနက်ကပဲ ကျမ ရန်ကုန်သို့သွားဖို့ လေယာဉ်လက်မှတ်ဝယ်တာ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ရမယ်လို့ ပြောတယ်။ တခြားလေကြောင်းလိုင်းတွေ အကုန်လုံးလည်း လက်မှတ်အဝယ် ပြည့်သွားပြီ။ အဲဒါကြောင့် နောက်လ ၂၀ နေ့ကို စောင့်ရတော့မှာ” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၇ ရက်က စစ်တွေ- ရန်ကုန် လက်မှတ်တစ်စောင်ကို ငွေကျပ် ၅၀၀,၀၀၀ ကျော်သာ ရှိခဲ့သော်လည်း ယနေ့ (ဒီဇင်ဘာ ၂၈ ) တွင် လက်မှတ်တစ်စောင်ကို ငွေကျပ် ၇၀၀,၀၀၀ ထိ ဈေးတက်သွားကြောင်း လက်မှတ်ဝယ်ယူသူများထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း စစ်တွေမြို့နယ်၌ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်နေ၍ မြို့ခံများမှာ လုံခြုံရေးကို အထူးစိုးရိမ်နေကြခြင်းဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီက လေကြောင်းဖြင့် စစ်တွေနှင့် မြို့နယ်ချင်းစပ် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း အပြင် ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီးပစ်ခတ်ခြင်းများ ခပ်စိပ်စိပ် ပြုလုပ်လာ၍ လုံခြုံမည့်နေရာသို့ ထွက်ပြေးခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
“ကျမ ရန်ကုန်ကို ၂၅ ရက်နေ့က လာတာ။ အဲဒီနေ့က လေယာဉ်သုံးစီး ထွတ်တာ။ သုံးစီးလုံးမှာ လူအပြည့်ပဲ။ နောက်က ဒီရက်ပိုင်းထွက်မယ့် လေယာဉ်တွေအတွက် လက်မှတ်တွေလည်း အကုန်လုံး ဝယ်ထားကြပြီလို့ သိခဲ့ရတယ်” ဟု စစ်တွေမှ ရန်ကုန်သို့ စစ်ဘေးတိမ်းရှောင်သွားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာအနီးရှိ ယာယီစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော်(AA)က လက်နက်ကြီးဖြင့် ၅ ကြိမ်ထက်မနည်း လှမ်းပစ်ခဲ့ပြီးနောက် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် ယနေ့ နံနက် ၁၀ နာရီခန့်တွင်လည်း စစ်တွေမြို့တွင်း အမှတ် ၁၂ ရဲတပ်ရင်းကနေ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ အနည်းငယ် ထွက်ပေါ်ခဲ့သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
နောက်ထပ် စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “မနေ့ညကဆိုရင် လက်နက်ကြီးပစ်တာ မီးလုံးကြီးတွေလို ရဲတောက်ပြီး မြင်ရတယ်။ အန္တရာယ်များလို့ အရေးပေါ်အထုပ်အပိုးတွေ ပြင်ဆင်ပြီး အိမ်ကလူတွေနဲ့ အောက်မှာဆင်းပြီး ဝပ်နေကြရတယ်။ ဒီနေ့လည်း အမှတ် ၁၂ ရဲတပ်ရင်းဘက်ကနေ ပစ်ခတ်သံတွေ ထွက်နေတယ်” ဟု DMG ကို ပြောသည်။
၂၀၂၄ နှစ်လယ်ပိုင်းမှစတင်ကာ စစ်တွေမြို့ခံအများစုမှာ AA ထိန်းချုပ်နယ်မြေများသို့ ရရာနည်းလမ်းဖြင့် ထွက်ခွာလာသည့်အပြင် ပြည်မဘက်သို့ လေကြောင်းမှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိသည်။
သို့သော်လည်း ထွက်ပြေးတိမ်းရှောင်ရန် ငွေကြေးနှင့် အခြားအခက်အခဲများကြောင့် စစ်တွေမြို့အတွင်း နေထိုင်သူများလည်း ရှိနေသေးသည်။