- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
“လုံခြုံရေးအဆင်မပြေတာ၊ လူစုလူဝေးဖြစ်တာကြောင့် ရဲစခန်းက ပွဲမလုပ်ဖို့ပြောတယ်။ ပွဲလုပ်ဖို့ ခွင့်ပြုချက် မပေးဘူး” ဟု စစ်တွေမြို့ခံ ခရစ်ယာန်ဘာဝင် အမျိုးသားတစ်ဦး ပြောသည်။
25 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၅
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဒေသမတည်ငြိမ်မှု၊ လုံခြုံရေးအဆင်မပြေမှုတို့ကြောင့် ခရစ္စမတ်ပွဲကျင်းပခွင့်ကို စစ်ကောင်စီက တားမြစ်ထားကြောင်း သိရသည်။
“လုံခြုံရေးအဆင်မပြေတာ၊ လူစုလူဝေးဖြစ်တာကြောင့် ရဲစခန်းက ပွဲမလုပ်ဖို့ပြောတယ်။ ပွဲလုပ်ဖို့ ခွင့်ပြုချက် မပေးဘူး” ဟု စစ်တွေမြို့ခံ ခရစ်ယာန်ဘာဝင် အမျိုးသားတစ်ဦး ပြောသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ စစ်တွေမြို့နယ်တွင် ခရစ်ယာန်ဘာသာဝင် ၇,၀၀၀ ခန့်ရှိသည်။
စစ်တွေမြို့တွင် ခရစ်ယာန်ဘာသာဝင်များ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်း၌ ဝတ်ပြုခွင့်ကို အောက်တိုဘာလမှစ၍ ကန့်သတ်ထားပြီး၊ မဖြစ်မနေ ဝတ်ပြုမည်ဆိုပါက လူဦးရေစာရင်း၊ ရဲစခန်းထောက်ခံစာ (သို့မဟုတ်) ရပ်ကွက်ထောက်ခံချက်များဖြင့်သာ ခွင့်ပြုထားကြောင်း သိရသည်။
“ဒီလိုမျိုးပွဲက ကျနော်တို့ ခရစ်ယာန်ဘာသာဝင်တွေမှာ တစ်နှစ်မှာ တစ်ခါပဲကျတာပါ။ အစကတည်းက တနင်္ဂနွေနေ့မှာတောင် ဝတ်ပြုခွင့်မပေးတာပါ။ ဒီလိုနေ့တွေမှာဆို ပိုဆိုးတာပေါ့” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ခရစ်ယာန်အသင်းတော်ကျောင်းရှိ လက်ဝါးကပ်တိုင်ကို ရဲတပ်ဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဖြိုချရန်ကြိုးစားခဲ့ပြီး ခရစ်ယာန်ဘာသာဝင်များက မဖြိုချဖို့ တောင်းဆိုခဲ့ရကြောင်း သိရသည်။
တစ်ကမ္ဘာလုံးရှိ ခရစ်ယာန်ဘာသာဝင်များ၏ အထွတ်မြတ်နေ့တွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး ပွဲကျင်းပခွင့်တားမြစ်ခြင်းမှာ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် ဘာသာရေးဖိနှိပ်မှုဖြစ်ကြောင်း ဝေဖန်နေကြသည်။
“စစ်ရေးကိုအကြောင်းပြပြီး ဘာသာရေးဖိနှိပ်မှုတွေ လုပ်ဆောင်တာလို့ မြင်ပါတယ်။ ခရစ်ယာန်ဘာသာဝင် တွေကို စော်ကားတာလို့ ပြောလို့ရတယ်။ သူတို့လုံခြုံရေးကို အကြောင်းပြရအောင် စစ်တွေမြို့ပေါ်မှာ ဒီလောက်ထိ စိုးရိမ်စရာမရှိသေးဘူး။ နောက်ပြီး လူများများစားစားနဲ့ ပွဲကြီးလုပ်မှာလည်း မဟုတ်ဘူး” ဟု အမည်မဖော်လိုသည့် သင်းအုပ်ဆရာတစ်ဦးက ပြောသည်။
လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ စစ်ရေးတင်းမာနေပြီး ပုဏ္ဏားကျွန်းနှင့် စစ်တွေ မြို့နယ်စပ်ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြား ဖြစ်ပွားနေသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဘာသာရေးအဆောက်အအုံများ၊ ဘာသာရေးခေါင်းဆောင်များ နှင့် အသိုင်းအဝိုင်းများကို ပစ်ခတ်ထားတိုက်ခိုက်မှုကြောင့် ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးနေရကြောင်း ပြောဆိုကြသည်။