စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင် ကြိုးပမ်းနေကြောင်း ချင်းညီနောင်အဖွဲ့ပြော

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခြင်းအပေါ် ဂုဏ်ပြုသဝဏ်လွှာတွင် ချင်းညီနောင်အဖွဲ့က ထည့်သွင်းရေးသားထားခြင်း ဖြစ်သည်။

By Admin 06 Aug 2024

မတူပီ ခမရ (၃၀၄) မှ သိမ်းဆည်းရမိသည့် ဟောင်ဝစ်ဇာအမြောက်နှင့်အတူ ချင်းညီနောင်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ချင်းညီနောင်) 
မတူပီ ခမရ (၃၀၄) မှ သိမ်းဆည်းရမိသည့် ဟောင်ဝစ်ဇာအမြောက်နှင့်အတူ ချင်းညီနောင်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ချင်းညီနောင်) 

DMG ၊ ဩဂုတ် ၆

ချင်းညီနောင်အဖွဲ့အနေဖြင့် ၎င်းတို့လှုပ်ရှားရာနယ်မြေများတွင် မကြာမီအချိန်အတွင်း စစ်ကောင်စီကင်းစင်နယ်မြေဖြစ်စေရန် မဆုတ်မနစ် အားထုတ်ကြိုးပမ်းနေကြောင်း ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်သည်။ 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခြင်းအပေါ် ဂုဏ်ပြုသဝဏ်လွှာတွင် ချင်းညီနောင်အဖွဲ့က ထည့်သွင်းရေးသားထားခြင်း ဖြစ်သည်။ 

ကိုယ်ပိုင်ပြဌာန်းခွင့်၊ တရားမျှတမှု၊ အပြန်အလှန်လေးစားတန်ဖိုးထားမှု၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရာတွင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ ရမခ စစ်ဌာနချုပ်ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၃ ရက်တွင် သိမ်းပိုက်လိုက်ခြင်းနိုင်အပေါ် ဝမ်းသာအားရဂုဏ်ယူကြောင်း ချင်းညီနောင်အဖွဲ့က ဆိုသည်။ 

၁၀၂၇ ဒုတိယလှိုင်း၏ ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းများအထိ စစ်ရေးအောင်မြင်မှုများအပေါ်တွင်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သိမ်းယူထားသော မြို့များတွင် တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေကြောင်း ဆန္ဒပြုထားသည်။ 

ချင်းညီနောင်အဖွဲ့ကို ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ-မင်းတပ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

လက်ရှိတွင် ချင်းညီနောင်အဖွဲ့သည် ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ချင်းပြည်နယ်၊ မတူပီမြို့ကို ဇွန် ၂၉ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။