- မြန်မာကလေးငယ်များကို ကယ်တင်ပေးရန် Unicef သို့ ဦးကျော်မိုးထွန်း တောင်းဆို
- AA နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေကြောင်း ချင်းပြည်ကောင်စီပြော
- မွန်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု သိသိသာသာမြင့်တက်လာ
- မအိပ်သည့် လသားကလေးကို ဆွဲဆိတ်နှိပ်စက်သည့် မြန်မာအိမ်အကူ ထောင်ဒဏ် လ ၂၀ ချမှတ်ခံရ
- မောင်တော ဂုံးနားကျေးရွာတွင် မိုင်းနင်းမိ၍ ဒေသခံ ၃ ဦး ဒဏ်ရာရ
AA နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေကြောင်း ချင်းပြည်ကောင်စီပြော
ချင်းပြည်နယ်ထဲတွင် AA လက်ရှိ ခြေကုပ်ယူထားသည့် ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပြတ်သားသည့် မဟာဗျူဟာများကို သိလိုသဖြင့် နွေးဆွေးရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီ တာဝန်ရှိသူက ဆိုသည်။
07 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၇
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိပြီး ဆွေးနွေးနိုင်ရန် ကြိုးပမ်းနေကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သည့် ချင်းပြည်ကောင်စီ (Chinland Council) က ဖေဖော်ဝါရီ ၆ ရက်တွင် ပြုလုပ်သည့် ချင်းပြည်ကောင်စီ တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ချင်းပြည်ထဲတွင် AA လက်ရှိ ခြေကုပ်ယူထားသည့် ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပြတ်သားသည့် မဟာဗျူဟာများကို သိလိုသဖြင့် နွေးဆွေးရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီ တာဝန်ရှိသူက ဆိုသည်။
" ULA/AA အနေနဲ့ ကျနော်တို့ကို ရှင်းလင်းပြတ်သားတဲ့ မဟာဗျူဟာတွေ၊ ချင်းပြည်ထဲမှာ ဘာကြောင့် ခြေကုပ်ယူတယ် ဆိုတာတွေကို မဆွေးနွေးနိုင်တော့ ကျနော်တို့ ဒွိဟ ဖြစ်စေတာပေါ့။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ULA/ AA နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိသလို တရားဝင်စာကမ်းပြီး ဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေတာရှိပါတယ် " ဟု ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။
အာရက္ခတပ်တော်သည် Chin Brotherhood (CB) ချင်းညီနောင်တပ်ဖွဲ့များနှင့် မဟာမိတ်ဖွဲ့ကာ ချင်း ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ရှိနေပြီး ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ကိုလည်း AA က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ထားသည်။
ချင်းပြည်နယ်အတွင်း ULA/ AA နှင့် ပူးပေါင်း၍ CB တို့ သိမ်းပိုက်ထားသည့် နယ်မြေများမှ အုပ်ချုပ်ရေး စနစ်အား ဝေဖန်ပြောဆိုခွင့်များ ပိတ်ပင်ထားကြောင်း ချင်းပြည်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
" ULA/AA လာပြီး မဟာမိတ် လုပ်တဲ့အတွက်ကြောင့် ကျနော်တို့ အချင်းချင်းကြားထဲမှာ ရန်သူလိုမျိုး သတ်မှတ်ရတာက ဘယ်လိုမှမဖြစ်သင့်ဘူး။ ချင်းပြည်အတွင်းမှာ လှုပ်ရှားမှုတွေကို ULA/AA အနေနဲ့ ရှင်းလင်းပြတ်သားတဲ့ အဖြေတစ်ခု ပေးထားသင့်တယ် " ဟု ဆလိုင်းပေါလ်က ဆက်ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
သို့သော် ချင်းပြည်နယ်အရေး ကိစ္စနှင့် ပတ်သက်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ULA/AA သည် ပလက်ဝတွင် ဒေသခံများ ပါဝင်သည့် အုပ်ချုပ်ရေးကို ဖော်ဆောင်ထားပြီး လက်ရှိ ပလက်ဝဒေသသည် မည်သည့်အဖွဲ့အစည်းလက်အောက်တွင် ရှိခြင်း၊ မရှိခြင်းထက် ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင် ပြုတ်ကျရေးသာ အရေးကြီးကြောင် ဦးခိုင်သုခက ပြောဆိုထားသည်။
လက်ရှိ ချင်းပြည်ကောင်စီ (Chinland Council) တွင် ချင်းလက်နက်ကိုင်အဖွဲများဖြစ်သည့် ချင်းအမျိုးသား တပ်ဦး (CNF/CNA) ၊ CDF - Matupi တပ်မဟာ (၂)၊ CDF - Lautu ၊ CDF - Tonzang၊ CDF - Hakha ၊ CDF - Thantlang ၊ CDF - KKG၊ CDF - Zophei ၊ CDF / CDM SIYIN ၊ PDA - Tedim ၊ CDF - Mara၊ CDF-Paletwah ၊CDF - Zanniatram နဲ့ Mindat Council စသည့် အဖွဲ့များပါဝင်သည်။
တစ်ဖက်တွင် CNF နှင့် AA တို့သည် ဆက်ဆံရေး ကောင်းမွန်မှု မရှိကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက မတူပီမြို့တွင် AA တပ်ဖွဲ့ဝင်နှစ်ဦးကို CNF က ဖမ်းဆီးခဲ့ပြီး နှိပ်စက် ညှဉ်းပန်းမှုများ ပြုလုပ်ကာ ၎င်းတို့အား မူးယစ်ဆေးသုံးစွဲခြင်း၊ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ခြင်းများ လုပ်ဆောင်ကြောင်း ဝန်ခံခိုင်းထားသည့် ရုပ်သံဖိုင်ကို CNF က ထုတ်ပြခဲ့သည်။
အာရက္ခတပ်တော်နှင့် CB တို့ ပူးပေါင်းပြီး ချင်းပြည်နယ်က စစ်ကောင်စီကို တိုက်ခိုက်ရာတွင် စစ်ရေးအောင်မြင်မှုများ ရနေသည့်အပေါ် CNF နှင့် ချင်းပြည်ကောင်စီ (Chinland Council) အနေဖြင့် ဘဝင်မကျမှုများဖြစ်နေကြောင်း အကဲခတ်တို့က သုံးသပ်ကြသည်။
" ချင်းညီနောင်အဖွဲ့ကို အာရက္ခတပ်တော်က ကူညီနေတာ CC (ချင်းပြည်ကောင်စီ) က မကြိုက်ဘူး။ အကြောင်း ပြချက်ကတော့ ULA/AA က ချင်းပြည်နယ်ကို စိုးမိုးသွားမှာနဲ့ နောက်ပြီး ပလက်ဝကိစ္စ ဖဲ့ထုတ်သွားမှာ အကြောင်းပြချက်ရှိပေမယ့် တကယ်တမ်းကျတော့ ချင်းညီနောင်အဖွဲရဲ့ စစ်ရေးအင်အား သာလွန်မှုကို မရှု့စိမ့်နိုင်တဲ့ သဘောလို့ မြင်ပါတယ် " ဟု စစ်ရေး၊နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့သည့် မီဇိုရမ်ဝန်ကြီးချုပ်သည် ချင်းလူ ထုနှင့် တွေ့ဆုံစဉ် ချင်းအင်အားစုများအနေဖြင့် AA ကို ရန်သူသဖွယ် ဆက်ဆံခြင်းထက် မိတ်ဆွေ ဖွဲ့ရေးသာ လုပ်သင့်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။
ချင်းလူငယ် ကိုဒေးဗစ်က " ချင်းပြည်ကောင်စီ CC ဟာ စစ်ရေးအရ အောင်မြင်မှုကြီးကြီးမားမား ရတာမရှိသေးဘူး။ အာဏာရှင်ကို တော်လှန်နေတဲ့ အချိန်မှာ ဘယ်သူတိုက်လို့ ဘယ်သူထိန်းချုပ်နေလို့ ဆိုတာထက် လွတ်မြောက်နယ်မြေဖြစ်ဖို့ လိုတယ်။ ဒီအချိန်မှာ လူမျိုးရေးတွေ ထည့်စဉ်းစားနေရင် စစ်ကောင်စီက ဟားတိုက်ပြီး ရယ်နေရုံပဲ ရှိပါတယ် " ဟု ပြောသည်။