- မောင်တော ဂုံးနားကျေးရွာတွင် မိုင်းနင်းမိ၍ ဒေသခံ ၃ ဦး ဒဏ်ရာရ
- တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်သွား
- သွေးအလှူရှင် ရှာရခက်သဖြင့် ရမ်းဗြဲကျွန်းက အရေးပေါ် လူနာများ အခက်ကြုံ
- လေထုညစ်ညမ်းမှုကြောင့် အာရှကလေးငယ် ၁၀၀ ဦးခန့် နေ့စဉ်သေဆုံးနေရဟု ယူနီဆက်ဖ် အသိပေး
- စစ်တွေတွင် ပြည်ထောင်စုနေ့ကို ခမ်းနားစွာကျင်းပမည်ဟု ပြည်နယ်စစ်ကောင်စီပြော
စစ်တွေတွင် ပြည်ထောင်စုနေ့ကို ခမ်းနားစွာကျင်းပမည်ဟု ပြည်နယ်စစ်ကောင်စီပြော
လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၈) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို စစ်တွေမြို့တွင် ခမ်းနားစွာကျင်းပသွားမည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။
07 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၇
လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၈) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို စစ်တွေမြို့တွင် ခမ်းနားစွာကျင်းပသွားမည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။
ဖေဖော်ဝါရီ ၅ ရက်က စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် ပြည်နယ်စစ်ကောင်စီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောဆိုခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြသည်။
" ပြည်ထောင်စုနေ့ အခမ်းအနားကို ခမ်းခမ်းနားနား သိုက်သိုက်ဝန်းဝန်းနဲ့ အေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေနဲ ညှိနှိုင်းပေါင်းစပ်ပြီး စနစ်တကျ စီမံဆောင်ရွက်မယ် " ဟု ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်းလင်းက ပြောသည်။
လက်ရှိတွင် ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေး ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ လွန်ဆွဲစသည့် ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂ ရက်မှ စ၍ ဓညဝတီ အားကစားကွင်းနှင့် ဓညဝတီအားကစားခန်းမတို့တွင် စစ်ကောင်စီဝန်ထမ်းများနှင့် နီးစပ်သူများက ပါဝင်ကစားနေသည်။
" ပြည်ထောင်စုနေ့ပွဲဆိုပြီး ဘောလုံးပြိုင်ပွဲတွေ လွန်ဆွဲပွဲတွေ၊ အကတိုက်တာတွေလည်း လုပ်နေတယ်။ အစိုးရဝန်ထမ်းတွေလည်း အားလုံးပါဝင်ပြီး ပွဲအတွက်လုပ်ဆောင်နေကြရတယ်။ မပါမနေရ ဖိအားပေး ခေါ်ပြီး လုပ်နေတယ် " ဟု စစ်တွေမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်း မိသားစုဝင်တစ်ဦးက ပြောသည်။
ရခိုင်ပြည်မြောက်ပိုင်းတွင် စစ်တွေမြို့သည် အာရက္ခတပ်တော် သိမ်းပိုက်ရန်ကျန်နေသည့် တစ်ခုတည်းသော မြို့ဖြစ်သည်။ ထို့အတူ မြို့တွင်းအုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်စေရေး စစ်ကောင်စီက ဌာနဆိုင်ရာ ဝန်ထမ်းများကို ဖိအားပေး ရုံးတက်ခိုင်းနေကြောင်း သိရသည်။
စစ်တွေမြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုများရှိသဖြင့် ပြည်ထောင်စုနေ့ ပွဲတော်ကျင်းပရန် စီစဉ်နေခြင်းမှာ စစ်ကောင်စီက မြို့တွင်းတည်ငြိမ်အေးချမ်း နေသယောင် ဖော်ပြနေခြင်းသာ ဖြစ်ကြောင်း ပြောဆိုကြသည်။
" ဒီလောက် တိုက်ပွဲတွေ ဖြစ်နေတာတောင် သူတို့နေတဲ့မြို့ကို အေးချမ်းတယ် ထင်အောင် ပွဲတွေ လုပ်ပေးတယ်။ ပြီးတော့ အခု ပွဲနဲ့ နီးကပ်လာလို့ တချို့ ဒေသခံတွေကို ရိက္ခာ ကူညီထောက်ပံ့မှုတွေ ပေးတာရှိတယ်။ ဒါတွေကတော့ သံသယထားစရာဖြစ်တယ်။ နေ့တိုင်း ဒေသခံတွေမှာ စိုးရိမ်ကြောက် လန့်နေရတယ် " ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တွေမြို့တွင် လုံခြုံရေးစိုးရိမ်ချက်နှင့် မြို့တွင်း/မြို့ပြင်လုံခြုံရေးအတွက် စစ်ကောင်စီမှ ရေတပ် အင်းအားများ တိုးချဲ့ထားခြင်းနှင့် မြို့လုံခြုံရေးအကြောင်းပြပြီး ကမ်းနားလမ်းတောက်လျှောက်ကိုလည်း ခြံစည်းရိုးများ ကာရံထားသည်။
စစ်ရေးပဋိပက္ခနီးစပ်လာမှုကြောင့် စစ်တွေမြို့ခံများမှာ ၂၀၂၄ ခုနှစ်ကနေ ဘေးလွတ်ရာသို့ ထွက်ပြေးသူ အများအပြား ရှိနေပြီး မြို့ထဲတွင် ကျန်နေသူ အချို့လည်း ရှိနေသေးသည်။
စစ်တွေမြို့ကို အာရက္ခတပ်တော်က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ် ကျေးရွာများတွင် မကြာခဏ လက်နက်ကြီး/ငယ်များ အပြန်အလှန်ပစ်ခတ်မှုရှိနေသည်။