CNF နှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ မတူပီဒေသခံများ နေရပ်သို့ဝင်ခြင်းကို CDF တားမြစ် 

မတူပီမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များက ဇွန် ၉ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇွန် ၂၉ ရက် တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

By Admin 01 Jul 2024

CNF နှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ မတူပီဒေသခံများ နေရပ်သို့ဝင်ခြင်းကို CDF တားမြစ် 

DMG ၊ ဇူလိုင် ၁

ချင်းပြည်နယ်၊ မတူပီမြို့ကို သိမ်းပိုက်ထားပြီးသော်လည်း ချင်းအမျိုးသားတပ်ဦး(CNF/CAN)နှင့် စစ်ရေးတင်းမာမှု အချိန်မရွေးဖြစ်လာနိုင်သဖြင့် မြို့တွင်းနှင့် မြို့အနီးအနားကျေးရွာများသို့ ဝင်ရောက်နေထိုင်ခြင်း မပြုလုပ်ကြရန် အသိပေးကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) က ဇွန် ၃၀ ရက်တွင် ထုတ်ပြန်သည်။ 

“ပြန်လည်အခြေချရေးနဲ့ပတ်သက်လို့ နောက်ထပ်ထုတ်ပြန်ချက် တစ်စုံတစ်ရာ မထုတ်ပြန်ခင်အထိ မြို့တွင်းနဲ့ မြို့အနီးအနားက ကျေးရွာတွေကို ဝင်ရောက်တာ မပြုလုပ်ဖို့ အသိပေးအပ်ပါတယ်” ဟု CDF - မတူပီ၊ တပ်မဟာ (၁) က ထုတ်ပြန်ထားသည်။ 

မတူပီမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များက ဇွန် ၉ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇွန် ၂၉ ရက် တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များသည် မတူပီမြို့က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် CNF/CAN နှင့်လည်း တိုက်ပွဲဖြစ်ပွားခြင်းများ ရှိခဲ့သည်။ 

လက်ရှိတွင် ချင်းညီနောင်အဖွဲ့သည် မတူပီမြို့ကို သိမ်းပိုက်ထားပြီးဖြစ်သော်လည်း CNF/CAN နှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း CDF - မတူပီ၊ တပ်မဟာ (၁) မှ ထုတ်ပြန်လာခြင်းဖြစ်သည်။

တပ်မဟာ(၁)အနေဖြင့် မတူပီမြို့လုံခြုံရေး၊ ပြည်သူများဘေးကင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စများကို ဆက်လက်ဖော်ဆောင်မည်ဖြစ်ပြီး အခြား ချင်းဒေသကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့များလည်း ပါဝင်နိုင်ရေးအတွက် အစီအမံများ ချမှတ်သွားမည်ဖြစ်ကြောင်း ဆိုသည်။ 

ချင်းပြည်နယ်ရှိ မြို့နယ်များတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။ 

ဗီဒီယိုများ