အိန္ဒိယရောက် ရခိုင်ကုန်သည်များ၏ ကုန်စည်များကို လိုင်လူငယ်များ ဖျက်ဆီး၊ ငွေညှစ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိနေသည့် ရခိုင်ကုန်သည်များ၏ စက်သုံးဆီနှင့် ကုန်စည်တစ်ချို့ကို ဗဟိုလိုင်လူငယ်အစည်းအရုံး(CYLA)က မီးရှို့ဖျက်ဆီးခဲ့မှုများ လုပ်ဆောင်ခဲ့ပြီး ငွေညှစ်မှုများပါ လုပ်ဆောင်လာနေသည်။

By Admin 09 Jul 2024

လောင်တလိုင်ခရိုင်တွင် ဇွန်လ ၂၇ ရက်က ဖျက်ဆီးခံလိုက်ရသည့် ရခိုင်ကုန်သည်များ၏ ဆီပေပါများ။ (ဓာတ်ပုံ - ပေးပို့)
လောင်တလိုင်ခရိုင်တွင် ဇွန်လ ၂၇ ရက်က ဖျက်ဆီးခံလိုက်ရသည့် ရခိုင်ကုန်သည်များ၏ ဆီပေပါများ။ (ဓာတ်ပုံ - ပေးပို့)

DMG ၊ ဇူလိုင် ၉

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်သို့ ရောက်ရှိနေသည့် ရခိုင်ကုန်သည်များ၏ စက်သုံးဆီနှင့် ကုန်စည်တစ်ချို့ကို ဗဟိုလိုင်လူငယ်အစည်းအရုံး(CYLA)က မီးရှို့ဖျက်ဆီးခဲ့မှုများ လုပ်ဆောင်ခဲ့ပြီး ငွေညှစ်မှုများပါ လုပ်ဆောင်လာကြောင်း ကုန်သည်များထံမှ သိရသည်။  

ရခိုင်ကုန်သည်များ ဝယ်ယူထားသည့် စက်သုံးဆီ ပေပါ ၅၀ ကျော်ကို ဇွန် ၂၇ ရက်တွင် လောင်တလိုင်မြို့နယ် CYLA အဖွဲ့ဝင်တချို့က မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ကုန်သည်များက ပြောသည်။ 

လောင်တလိုင်မြို့နယ် သစ်ပုတ်ချေကျေးရွာမှာ ဇွန်လ ၂၇ ရက်နေ့မှာ CYLA အဖွဲ့ဝင်တွေက ရခိုင်ကုန်သည်တွေ ဝယ်ထားတဲ့ စက်သုံးဆီ ပေပါ ၅၀ ကို ဖျက်ဆီးခဲ့တယ်။ ဆယ်ပေပါလောက်ကို မီးရှို့ခဲ့ပြီးတော့ နောက်ထပ် ပေပါ ၄၀ ကျော်လောက်ကို ဖောက်ပြီးတော့ ချောင်းထဲမှာ ပစ်ထားခဲ့တယ်” ဟု မီဇိုရမ်ရောက် ကုန်သည်တစ်ဦးက ပြောသည်။

ဖျက်ဆီးခံရသည့် စက်သုံးဆီများ၏ ကာလပေါက်ဈေးတန်ဖိုးမှာ ငွေကျပ်သိန်းတစ်ထောင်ခန့်ရှိကြောင်း သိရသည်။ 

ယင်းအပြင် ကုန်သည်များအနေဖြင့် တစ်ဦးလျှင် အိန္ဒိယငွေ ရူပီး ၃,၅၀၀ ပေးဆောင်မှ ဒေသတွင်းနေထိုင်ခွင့် ရမည်ဆိုပြီး CYLA က ငွေညှစ်မှုများရှိနေကြောင်း ကုန်သည်နောက်တစ်ဦးက ပြောသည်။

“လောင်တလိုင်းခရိုင်အတွင်းက ကုန်သည်တွေကို CYLA က နှင်ထုတ်နေကြတာ။ ဆက်နေမယ်ဆိုရင် သူတို့ကို ရူပီးငွေ လူတစ်ဦးကို ၃,၅၀၀ စီပေးရမယ်လို့ ပြောတယ်။ ကျနော်သိသလောက် ကုန်သည် ၈ ဦးဆီက ယူထားပြီ။ CYLA အနေနဲ့ ဒီလိုမျိုးငွေညှစ်တာတွေက အနာဂတ်မှာ အိန္ဒိယနဲ့ ရခိုင်ကြားမှာ ဆံဆက်ရေးက မကောင်းတဲ့ဖက်ကို ရောက်သွားနိုင်တယ်။ ဒါကို အိန္ဒိယအစိုးရက သေချာကြပ်မတ်သင့်တယ်” ဟု ပြောသည်။

အိန္ဒိယရူပီး ၃,၅၀၀ သည် ယနေ့နယ်စပ်ပေါက်ဈေးအရ အနည်းဆုံး ငွေကျပ်နှစ်သိန်းခန့် ရှိသည်။ DMG အနေဖြင့် ငွေညှစ်ခံရသည့် ကုန်သည်များ၏အမည်နှင့် ငွေညှစ်ခံရသည့်နေရာကို သိထားသော်လည်း ၎င်းတို့၏ လုံခြုံမှုနှင့် ပတ်သတ်နေ၍ ဖော်ပြနိုင်ခြင်းမရှိပေ။

ကုန်သည်များထံမှ ငွေညစ်ခြင်း၊ ပစ္စည်းများကို ဖျက်ဆီးခြင်းများနှင့်ပတ်သက်ပြီး CYLA တာဝန်ရှိသူများထံ DMG က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ 

နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော ကုန်သွယ်မှုပြဿနာများနှင့်ပတ်သက်၍ ULA/AA က အိန္ဒိယအစိုးရနှင့် ညှိနှိုင်းနေသည့်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

မတူပီတိုက်ပွဲတွင် အာရက္ခတပ်တော်(AA)က ချင်းညီနောင်အဖွဲ့နှင့်အတူ ဝင်ရောက်တိုက်ခိုက်ပေးမှုကို မကျေနပ်၍ မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့လိုက်ကြောင်း CYLA က ကြေညာထားသည်။ 

CYLA အဖွဲ့သည် အိန္ဒိယအစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားသည့် လောင်တလိုင်ခရိုင်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။

ထို့ကြောင့် CYLA အနေဖြင့် မြန်မာ့ပြည်တွင်းရေးတွင် ပိုပြီးရှုပ်ထွေးမှုကို ဖြစ်ပေါ်စေသဖြင့် အဆိုပါကိစ္စများကို မပြုလုပ်ရန်  AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧရာဝတီသတင်းဌာနကို ဇူလိုင်လ ၅ ရက်နေ့က ပြောထားသည်။

လိုင်လူငယ်အစည်းအရုံးက အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကို ဇွန်လ ၂၄ ရက်ကပင် ပိတ်ပင်ထားခြင်းဖြစ်ပြီး ရခိုင်ကုန်သည် ရာနှင့်ချီ ပိတ်မိနေကြသည်။

“အခု နယ်စပ်မှာရှိတဲ့ ရခိုင်တွေ၊ ရခိုင်ရွာတွေတောင် အိန္ဒိယနိုင်ငံထဲမှာ ဘာမှကုန်သွယ်ခွင့် မရှိဘူး။ မုန့်ဖာလေး တစ်ဖာတောင် ယူခွင့်မရှိဘူး။ အဲ့ဒါက ရခိုင်ဘက်ကို ပို့မယ့်ကုန်မဟုတ်သေးဘူးနော်။ ဒါတောင် ယူခွင့်မရှိဘူး အဲဒီလောက်တင်းကြပ်ထားတာ” ဟု ကုန်သည် နောက်ထပ်တစ်ဦးက ပြောသည်။ 

CYLA က လမ်းကြောင်းပိတ်ဆို့ခြင်း၏ အကျိုးဆက်အဖြစ် ပလက်ဝအပါအဝင် ချင်းပြည်နယ်အတွင်းနှင့် ရခိုင်ဒေသတွင် ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်၊ ဆေးဝါးပြတ်လပ်မှုဒဏ်များကို ခံစားနေကြရသည်။

ဗီဒီယိုများ