တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများ ရပ်တန့်နေမှု ၈ လနီးပါး ကြာမြင့်လာ

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုရှိသည့်အနက် အရေးပါသော ကုန်သွယ်ရေးစခန်းကြီး ၆ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားပြီး ကျန် ၁၁ ခုကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။

By Admin 19 Jun 2024

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

DMG ၊ ဇွန် ၁၉

ရှမ်းမြောက်ဒေသမှ အစပျိုးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကကျသော ကုန်သွယ်ရေးစခန်းများ ရပ်တန့်နေသည်မှာ ၈ လနီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း ISP-Myanmar က ဇွန်လ ၁၈ ရက်တွင်ထုတ်ပြန်သည်။ 

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုရှိသည့်အနက် အရေးပါသော ကုန်သွယ်ရေးစခန်းကြီး ၆ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားပြီး ကျန် ၁၁ ခုကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။

စစ်ကောင်စီထိန်းချုပ်ဆဲစခန်းများထဲမှ ၃ ခုမှာ ကုန်သွယ်ရေးရပ်ဆိုင်းနေပြီး ကျန် ၈ ခုဖြင့် လည်ပတ်နေသော်လည်း အဓိကစခန်းကြီးများ ရပ်တန့်နေ၍ ကုန်သွယ်မှုတန်ဖိုးမှာ အကျဘက်တွင်ရှိသည်ဟု အစီရင်ခံစာက ဖော်ပြသည်။ 

“တစ်လမှာ အနည်းဆုံး ဒေါ်လာသန်းငါးရာကျော်လောက် ကုန်သွယ်မှုရှိတဲ့စခန်းတွေကို လက်လွှတ်ခံထားရတာက စစ်ကောင်စီ တော်တော်လေးအထိနာစေတယ်။ ဒါကလည်း စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး လုပ်ငန်းစဉ်တွေထဲက အောင်မြင်မှုတစ်ခုပဲ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။ 

၁၀၂၇ စစ်ဆင်ရေးအလွန် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်မှုတန်ဖိုး ၉၅ ရာခိုင်နှုန်းနီးပါးကို တိုင်းရင်းလက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားကြောင်း ISP-Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ 

ကုန်သွယ်ရေးစခန်းများ ရပ်တန့်ထားရမှုနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်းများလည်း ပြောင်းလဲလာခဲ့ကြောင်း ဆိုသည်။ 

မန္တလေး - လားရှိုး - မူဆယ် လမ်းကြောင်းရပ်တန့်ပြီးနောက် တောင်ကြီး - ကျိုင်းတုံ - မိုင်းလား လမ်းကြောင်းကို ပိုသုံးလာကြ၍ ကျိုင်းတုံကုန်သွယ်ရေးခစန်းမှာ အချက်အချာကျသည့် နေရာတစ်ခုဖြစ်လာသည်။ အဆိုပါလမ်းကြောင်းမှာ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သော တစ်ခုတည်းသော လမ်းကြောင်းလည်း ဖြစ်သည်။ 

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကျိုင်းတုံစခန်း၏ လစဉ်ပျဉ်းမျှ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ် ၃၄ သန်းကျော် ထိ ရှိလာခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့များသိမ်းထားသော မူဆယ်နှင့် ချင်းရွှေဟော်စခန်းများ၏ လစဉ်ပျဉ်းမျှ ကုန်သွယ်မှုတန်ဖိုးထက် နည်းပါးကြောင်း ISP-Myanmar က ဆိုထားသည်။ 

“ကုန်သွယ်ရေးစခန်းတွေ ရပ်တန့်နေလို့ ဒေသတွင်းထွက်ကုန်တွေကို မတင်ပို့နိုင်တော့တာကြောင့် ကုန်သည်တွေနဲ့ ဒေသခံတွေရဲ့ လူမှုစီးပွားကို ရိုက်ခတ်မှုရှိနေတယ်။ ဒါကြောင့် ကုန်သွယ်ရေးခစန်းတွေ အမြန်ဆုံးလည်ပတ်အောင် ထိန်းချုပ်ထားသူတွေက ဆောင်ရွက်နိုင်ရင်ကောင်းမယ်” ဟု စီးပွားရေးသမားတစ်ဦးက ပြောသည်။ 

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်ပတ်နိုင်အောင် တရုတ်ဘက်မှ ကြိုးပမ်းမှုများရှိနေပြီး စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား ကြားဝင်စေ့စပ်မှု ငါးကြိမ်အထိရှိနေပြီဖြစ်သော်လည်း ထူးခြားမှုမရှိသေးပေ။ 

ဟိုင်ဂင်သဘောတူညီချက်ဖြင့် အပစ်ရပ်စဲထားသော ရှမ်းမြောက်ဒေသအတွင်း လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား စစ်ရေးအခြေအနေ တင်းမာမှုများရှိနေသဖြင့် နယ်စပ်ကုန်သွယ်ရေးလည်ပတ်နိုင်ရန် ခက်ခဲမှုရှိနိုင်သေးကြောင်း ISP-Myanmar က သုံးသပ်ထားသည်။  

ဗီဒီယိုများ