ပေါက်တောမြို့နယ်တွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်မှုတိုးလာ 

ယခုလအတွင်း ပေါက်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်အထိရှိပြီး အရပ်သားဒဏ်ရာရရှိသူ ၂၁ ဦးရှိသည်။ 

By Admin 17 Jun 2024

ပေါက်တောတိုက်ပွဲကာလ စစ်ကောင်စီလက်နက်ကြီးကြောင့် မီးလောင်နေသော ပေါက်တောမြို့
ပေါက်တောတိုက်ပွဲကာလ စစ်ကောင်စီလက်နက်ကြီးကြောင့် မီးလောင်နေသော ပေါက်တောမြို့

DMG ၊ ဇွန် ၁၇

ရခိုင်ဒေသအတွင်း အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ပေါက်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသဖြင့် အရပ်သားထိခိုက်မှုလည်း တိုးလာနေသည်။ 

ဇွန်လ ၁၆ ရက်က ပေါက်တော်မြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာကို ဂျတ်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ သံဃာတစ်ပါးအပါအဝင် ၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ 

“မနက်စောစော ဂျက်လေယာဉ်နဲ့ ဗုံးသုံးလုံးလောက်ကြဲသွားတယ်။ ရွာထဲမှာပေါက်ကွဲလို့ ဒဏ်ရာရသွားကြတာ။ နေအိမ်တွေလည်း ပျက်စီးသွားတယ်။ ဒဏ်ရာရသူထဲမှာတော့ ဆရာတော်က ဒဏ်ရာပြင်းတယ်” ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။ 

ထိုနေ့တွင် စစ်တွေမြို့ရှိ စစ်ကောင်စီရေတပ်စခန်းများမှလည်း ကြိမ်ခွေမော်၊ မနော်သီရိ စသည့် ပေါက်တောမြို့နယ်ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်ကလည်း ပေါက်တောမြို့နယ် မနော်သီရိ၊ လက်ပံပြား၊ သဝင်ချောင်း၊ မြို့ပေါ် စသည့် နေရာ (၄)ခုအထိ စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုပြုလုပ်ခဲ့၍ အရပ်သား ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ယခုလအတွင်း ပေါက်တောမြို့နယ်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်အထိရှိပြီး အရပ်သားဒဏ်ရာရရှိသူ ၂၁ ဦးရှိသည်။ 

“စစ်ကောင်စီက အရှုံးကိုလက်မခံဘဲ ပြည်သူတွေရှိတဲ့နေရာတွေကိုပဲ ပစ်ခတ်မှုတွေလုပ်နေတယ်။ သူတို့ အခုလိုလုပ်တဲ့အတွက် ပြည်သူတွေဆီက နာကျည်းမှုတွေပဲရတယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ပေါက်တောမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲနှစ်လကျော်ကြာ ဖြစ်ပွားခဲ့သည်။ ယင်းနောက် ဇန်နဝါရီ ၂၄ ရက်တွင် AA က သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်ပြည်အတွင်း ပထမဆုံးသိမ်းပိုက်ရရှိသည့် မြို့လည်းဖြစ်သည်။ 

လတ်တလောတွင် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာ၍ ဒေသခံများမှာ လက်ရှိစစ်ဘေးရှောင်ကြသည့် နေရာများတွင်မနေရဲတော့ဖြင့် အခြားဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြသည်။ 

“တိုက်ပွဲစဖြစ်ကတည်းက ပြေးနေရတာ။ အခုအေအေက မြို့သိမ်းထားပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်နေတော့ ကျမတို့က ဟိုပြေးဒီပြေးပြေးနေရသေးတယ်။ လေကြောင်းပစ်တာက ကြောက်ဖို့ကောင်းတယ်။ အသက်အန္တရာယ်လုံခြုံမှုမရှိဘူး။ တစ်ချိန်လုံး စိုးရိမ်စိတ်နဲ့နေနေရတယ်” ဟု မနော်သီရိကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်များကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှု လစဉ်တိုးနေသည်။

ဗီဒီယိုများ