နပခကိုကာကွယ်ရန် စစ်ကောင်စီတပ်စခန်းများ ထပ်တိုးချထား

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ကာကွယ်ရန်အတွက် မြို့အပြင်ဘက်တွင် တပ်စခန်း ၅ ခုအထိ ထပ်တိုးချထားကြောင်း သိရသည်။

By Admin 15 Jun 2024

နပခကိုကာကွယ်ရန် စစ်ကောင်စီတပ်စခန်းများ ထပ်တိုးချထား

DMG ၊ ဇွန် ၁၅

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ကာကွယ်ရန်အတွက် မြို့အပြင်ဘက်တွင် တပ်စခန်း ၅ ခုအထိ ထပ်တိုးချထားကြောင်း သိရသည်။

ကြိမ်ချောင်းနှင့် ခမောင်းတောကျေးရွာကြား မဲတောင်ကြောတစ်လျှောက်တွင် စစ်ကောင်စီက ကာကင်းစခန်းများ တိုးချဲ့ချထားခြင်းဖြစ်သည်။ 

“အဲဒီစခန်းတွေကို တိုးချဲ့ထားတာကြာပြီ။ သူတို့က လျှို့ဝှက်ထားတာ။ အခုတိုက်ပွဲပြင်းထန်လာတဲ့နောက်မှ ထွက်ပေါ်လာတာ။ အဓိကတော့ တောဟိန်းတောင်ပြီးရင် အမ်းမြို့သို့ အလွယ်တကူမသွားနိုင်အောင် ထပ်တိုးစခန်းတွေ ချထားတာဖြစ်တယ်” ဟု ခိုင်လုံသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အမ်းမြို့နယ်၊ ကဇုကိုင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က အရှိန်မြှင့်ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။ 

တောဟိန်းတောင်ဗျူဟာကုန်း၊ ရှောက်ခြုံကျေးရွာအနီးရှိ တပ်စခန်းအချို့နှင့် ပွိုင့် ၂၉၉ တို့ကို AA က တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

အကယ်၍ ယင်းစခန်းများကျသွားလျှင် အမ်းဌာနချုပ်သို့ AA က အလွယ်တကူ ဝင်မလာနိုင်အောင် စစ်ကောင်စီက မဲတောင်၌ တပ်စခန်းများတိုးချဲ့ကာ စစ်ရေးပြင်ဆင်ထားခြင်း ဖြစ်သည်။ 

“မောင်တောလည်း ကျလုနီးပါးဖြစ်နေပြီ။ သံတွဲ၊ တောင်ကုတ်ဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေတယ်။ အေအေထိုးစစ်ကလည်း မြင့်သထက်မြင့်လာတော့ စစ်ကောင်စီက အမ်းလုံခြုံရေးကို ပိုပြီးစိုးရိမ်လာတယ်။ ဒါကြောင့် ကဇုကိုင်းကျသွားရင် အမ်းသို့ အလွယ်မရောက်နိုင်အောင် အသေခံတပ်တွေချထားတာ” ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။ 

အမ်းမြို့နယ်တွင် နပခ၊ ခမရ - ၃၇၁၊ ခမရ - ၃၇၂၊ ခမရ - ၃၇၃ နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(GE)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (BE)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များ ရှိသည်။

ရခိုင်ဒေသအတွင်း မောင်တော၊ အမ်း၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး AA က အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့တွင် နှစ်ဖက်စစ်ရေးတင်းမာနေသည်။ 

ဗီဒီယိုများ