- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နပခမှာ တပ်စုပြီး နောက်ဆုံးခံတပ် ပြင်ဆင်နေတဲ့ စစ်ကောင်စီ
အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ တပ်ရင်း၊ တပ်ခွဲ (၁၈) ခုရှိသည့်အထဲ (၈) ခုကို နိုဝင်ဘာ ၁၃ ရက် မတိုင်မီ AA က သိမ်းပိုက်နိုင်ခဲ့သည်။ ဆက်လက်၍ ခမရ ၃၇၁၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ တို့ကို သိမ်းပိုက်လိုက်ပြီဟု သိရသော်လည်း ထုတ်ပြန်ခြင်း မရှိသေးပေ။
30 Nov 2024
DMG ၊ နိုဝင်ဘာ ၃၀
ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲတွင် တပ်စုပြီး နောက်ဆုံးခံတပ်အဖြစ် ခုခံတိုက်ခိုက်ရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ တပ်ရင်း၊ တပ်ခွဲ (၁၈) ခုရှိသည့်အထဲ (၈) ခုကို နိုဝင်ဘာ ၁၃ ရက် မတိုင်မီ AA က သိမ်းပိုက်နိုင်ခဲ့သည်။ ဆက်လက်၍ ခမရ ၃၇၁၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ တို့ကို သိမ်းပိုက်လိုက်ပြီဟု သိရသော်လည်း ထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီသည် AA ၏ အရှိန်မြှင့်ထိုးစစ်ကြောင့် တပ်စခန်းများကျရှုံးမှုနှင့်အတူ နပခဌာနချုပ်ထဲတွင် လေကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းကာ နောက်ဆုံးခံတပ်အဖြစ် ပြင်ဆင်နေခြင်းဖြစ်သည်။
“မောင်တော နခခ (၅) လိုပဲ နပခဌာနချုပ်မှာလည်း အကုန်လုံးစုပြုံပြီးတော့ ခံစစ်ဆင်နေရတဲ့ အနေအထား ရောက်နေပါပြီ” ဟု စစ်ကောင်စီနှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အမ်းသည် စစ်ကောင်စီအတွက် အရေးပါပြီး အနောက်တံခါးလို့ခေါ်သည့် ရခိုင်နှင့် ချင်းတောင်တန်းဒေသကို အုပ်ချုပ်ထားသော နယ်မြေဖြစ်ကာ ပြည်မဖက်သို့ တစ်ခုတည်းသော ကုန်းလမ်းထွက်ပေါက်လည်း ဖြစ်သည်။
အမ်းကျရှုံးသွားပါက ရခိုင်တွင် စစ်ကောင်စီ စစ်ဦးကျိုးသွားနိုင်၍ နပခဌာနချုပ် ကျရှုံးမသွားအောင် မီးကုန်ယမ်းကုန်ခုခံနိုင်ပြီး တိုက်ပွဲများမှာလည်း ယခင်ထက် ပိုပြင်းထန်လာနိုင်ကြောင်း လေ့လာသူများက ရှုမြင်သည်။
“ရခိုင်ဒေသမှာတော့ တိုက်ပွဲနယ်မြေကျယ်ပြန့်လာတာထက် အဓိက စစ်ရေးပစ်မှတ်ဖြစ်တဲ့ နပခကို ဝိုင်းပတ် ချေမှုန်းတာတွေပိုပြီး မြင့်ရလိမ့်မယ်။ နပခကို သိမ်းပိုက်လိုက်ရင်တော့ AA က စစ်ကူလမ်းကြောင်းတွေ ရိက္ခာပို့လမ်းကြောင်းတွေကို အထိုက်အလျောက်သိမ်းပိုက်ထားပြီးဖြစ်တဲ့အတွက် အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ စစ်တွေတို့၊ ရေတပ်စခန်းဖြစ်တဲ့ ဓညဝတီရေတပ်စခန်းတို့က အလိုအလျောက်ကျသွားနိုင်တယ်လို့ မြင်ပါတယ်” ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ နိုင်ငံရေးနှင့် သုတေသနအကြံပေး ကိုမိုးထက်နေက သုံးသပ်သည်။
အမ်းသည် မကွေးတိုင်းနှင့်ထိစပ်ပြီး စစ်ကောင်စီအတွက် မြေပြင်စစ်ကူအင်အား၊ လက်နက်အင်အား ဖြည့်တင်းနိုင်သော်လည်း မဟာမိတ်အဖွဲ့များ၏ ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် မြေပြင်မှတစ်ဆင့် အင်အားဖြည့်တင်းရန် မလွယ်ကူတော့ပေ။
နိုဝင်ဘာလ ၂၅ ရက်က အမ်းမြို့သို့ အင်အားလာဖြည့်မည့် စစ်ကားများအတွက် လုံခြုံရေးယူနေသော စစ်ကာင်စီတပ်ဖွဲ့ဝင်များကို အမ်း - ပဒါန်းလမ်းတွင် လှုပ်ရှားနေသည့် ချင်းကာကွယ်ရေးတပ် - အရှို (CDF – Asho) က တိုက်ခိုက်ခဲ့သည်။
နိုဝင်ဘာလ ၂၃ ရက်ကလည်း အမ်းတိုက်ပွဲမှ တပ်ဆုတ်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးကို အမ်း - ပဒါန်းလမ်းတွင် ကျောင်းသားလက်ရုံးတပ်တော် (SAF)က တိုက်ခိုက်ဖမ်းဆီးနိုင်ခဲ့သည်။
“အမ်းကိုတက်ဖို့ဆိုရင် ပဒါန်းကနေ ပြည့်ဝစုပေါင်းဂိတ်အထိတော့ စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားနိုင်သေးတယ်။ ပြည့်ဝနဲ့ နတ်ရေကန်ကြားထဲမှာပဲ ထိတွေ့တိုက်ပွဲတွေ၊ ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုတွေ ရှိလာတဲ့အနေအထားကို တွေ့ရတယ်။ နတ်ရေကန်ကနေ အမ်းသို့ လူအင်အား၊ ရိက္ခာဖြည့်တင်းဖို့က မလွယ်တာကို မြင်နေရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
အမ်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ချိန်မှစ၍ စစ်ကောင်စီက မြို့အဝင်/အထွက်ကို ပိတ်ဆို့ထားသဖြင့် ဒေသခံတစ်ထောင်ကျော် ပိတ်မိနေကြပြီး စားနပ်ရိက္ခာ အကျပ်အတည်းအပြင် လုံခြုံမှုကင်းမဲ့နေသည်။
ရခိုင်ပြည်အတွင်း တောင်ကုတ်မြို့အပါအဝင် မြို့ကြီး ၁၁ မြို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ ကျန်မြို့များကို ဆက်လက်သိမ်းပိုက်ရန် ထိုမြို့များရှိ စစ်ကောင်စီစခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သွားမည်ဟု AA က ပြောဆိုထားသည်။