လေကြောင်းတိုက်ခိုက်ခံရသည့် မောင်တောဒေသခံများ ဆေးကုသရန် အကူအညီလိုအပ်နေ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားကြသည့် မောင်တောဒေသခံများမှာ ဆေးဝါးကုသရန် ငွေကြေးအခက်ခဲရှိနေပြီး ဒေသတွင်း ဆေးဝါးပြတ်လပ်နေ၍ လူနာများအတွက် အကူအညီများလိုအပ်နေကြောင်း ပြောဆိုကြသည်။

By Admin 02 Dec 2024

ပုံစာ - ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာတွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရရှိသွားသည့် အမျိုးသမီးတစ်ဦး။
ပုံစာ - ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာတွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရရှိသွားသည့် အမျိုးသမီးတစ်ဦး။

DMG ၊ ဒီဇင်ဘာ ၂

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားကြသည့် မောင်တောဒေသခံများမှာ ဆေးဝါးကုသရန် ငွေကြေးအခက်ခဲရှိနေပြီး ဒေသတွင်း ဆေးဝါးပြတ်လပ်နေ၍ လူနာများအတွက် အကူအညီများလိုအပ်နေကြောင်း ပြောဆိုကြသည်။

ပြီးခဲ့သည့် ဩဂုတ် ၂ ရက်က မောင်တောမြို့နယ်၊ မောင်နီရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မနှုရ်ဆော်ရာ၏ လက်မောင်း၊ နောက်ကျောနှင့် ရင်ဘတ်များတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်အထိ ခွဲစိတ်ကုသမှု မပြုလုပ်နိုင်သေးသဖြင့် စိုးရိမ်စရာဖြစ်နေရကြောင်း ကာယကံရှင်က DMG ကို ပြောသည်။

" ဒီမှာက ဆေးရုံလည်း မရှိတော့ ဆေးကုသမှု အပြည့်အဝ မလုပ်ရသေးဘူး။ ဒဏ်ရာတွေက အခုထိ နာကျင်နေတုန်းပဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှာ သွားပြီး ဆေးကုဖို့ကလည်း ပိုက်ဆံမတက်နိုင်ဘူး " ဟု ဒဏ်ရာရနေသူ မနှုရ်ဆော်ရာက ပြောသည်။

လက်ရှိတွင် မနှုရ်ဆော်ရာတို့ မိသားစုသည် လှဖိုးခေါင်စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေပြီး ဒဏ်ရာများကို စခန်းအတွင်းရှိ ဆေးခန်းကပေးသည့် ဆေးဝါးများဖြင့် ကုသနေရသည်။

သို့သော်လည်း မနှုရ်ဆော်ရာ၏ ခန္ဓာကိုယ်အတွင်း ကျည်စများ ရှိနေသေးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း ဖခင်ဖြစ်သူ မိုဟာမတ်ရော်ဖိတ်က ပြောသည်။

" ကျနော်က ဈေးရောင်းပြီး စားနေကြရတာ။ သူ့ကို ဘင်္ဂလားဒေ့ရှ်ကို သွားပြီး ဆေးကုသပေးနိုင်ဖို့ ကျနော့် မှာ ပိုက်ဆံမရှိဘူး။ သမီးလေးကို ဆေးကုသလို ရနိုင်အောင် ကျနော်တို့ မွတ်ဆလင်တွေပဲ ဖြစ်ဖြစ်၊ ရခိုင်တွေပဲ ဖြစ်ဖြစ် ကူညီပေးစေချင်တယ်" ဟု သူက ဆိုသည်။

အလားတူ အောက်တိုဘာ ၂၁ ရက်က မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်ထဲတွင် ဦးလှဖြူတို့ နေအိမ်မှ ကိုယ်ဝန်အရင့်အမာနှင့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး အပါဝင် ၄ ဦးမှာ တစ်နေရာထဲ သေဆုံးခဲ့ပြီး နောက်ထပ် ဆေးကုသနေစဉ် သေဆုံးသူ ၃ ဦး အထိရှိခဲ့ကြောင်း သိရသည်။

ဦးလှဖြူ အပါဝင် နောက်ထပ် ၆ ဦးမှာ ပြင်းထန်ဒဏ်ရာရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေသော်လည်း အရေးတကြီးလိုအပ်သည့် ဆေးဝါးများ အခက်အခဲရှိနေသည်။

" ကျနော်တို့ ကျေးရွာမှာ အာရက္ခတပ်တော်က တပ်စခန်းလည်း ရှိတာမဟုတ်ဘူး။ ကျနော်တို့ အရမ်း ခံစားရတယ်။ စစ်ကောင်စီက လူမျိုးတုံး သတ်ဖြတ်နေတာတွေကို အရမ်းခံစားရတယ်" ဟု ဦးလှဖြူက ပြောသည်။

လက်ရှိတွင် ဦးလှဖြူ၏ ဘယ်ခြေနှင့် ဂျိုင်းအောက် နံဘေးစများတွင် ဒဏ်ရာများ ရှိနေပြီး လုံလောက်သည့် ဆေးဝါးများ ရှာမရခြင်း၊ ခွဲစပ်ကုသရန် အဆင်မပြေမှုများ ရှိနေသည်။

မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ လွဲ၍ မြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက်ထားသည်။

ယင်းကြောင့် စစ်ကောင်စီသည် ဆုံးရှုံးနယ်မြေများအတွက် အငြိုးထားကာ မောင်တောမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ရှုမြင်သည်။

စစ်ကောင်စီ၏ အရပ်သားများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုအပေါ်  နိုင်ငံတကာအနေဖြင့် ထိရောက်သည့် အရေးယူမှုများ ပြုလုပ်စေချင်ကြောင်း ဒဏ်ရာရသူများက တောင်းဆိုနေကြသည်။