- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာနေရာများအပြင် စစ်ဘေးရှောင်များ၊ အရပ်သားများနေထိုင်ရာ နေရာများသို့ ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသဖြင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရသည်။
02 Dec 2024
DMG ၊ ဒီဇင်ဘာ ၂
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် စစ်ဘေးရှောင် ၂ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်)၊ ညနေ ၃ နာရီခွဲခန့်တွင် ခရိုင်ကျေးရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံး ကြဲချခဲ့မှုကြောင့် ဒေသခံ ၂ ဦးမှာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။
" ဂျက်ဖိုက်တာနဲ့ ညနေ သုံးနာရီလောက်မှာ လာချတာ။ ၂ ယောက်က ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတဲ့ လူတွေလည်း အများကြီးပဲ။ အခုကတော့ ဒဏ်ရာရတဲ့လူတွေကို အရေးပေါ် ဆေးကုပေးနေတယ် " ဟု တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသွားသူများမှာ ခရိုင်ကျေးရွာသို့ စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် တောင်ကုတ်မြို့၊ ဆေးရုံကွက်သစ်ရပ်ကွက်မှ ဒေါ်မသိန်း (၇၁)နှစ်နှင့် သာယာအေးကျေးရွာမှ မောင်ကျော်သက်နိုင် (၁၇)နှစ်တို့ဖြစ်သည်။
ယင်းအပြင် ဗုံးကြဲခံရမှုကြောင့် တောင်ကုတ်မြို့မှ ခရိုင်ကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသူများ အပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာနေရာများအပြင် စစ်ဘေးရှောင်များ၊ အရပ်သားများနေထိုင်ရာ နေရာများသို့ ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသဖြင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေကြရသည်။
" စစ်တပ်(စစ်ကောင်စီတပ်)က အာရက္ခတပ်တော်ကို စစ်ရှုံးနေပြီဆိုတော့ သူ့လက်ခုပ်ထဲက ရေလိုဖြစ်နေတဲ့ အရပ်သားတွေကိုပဲ မညှာမတာ ထိခိုက်အောင်လုပ်နေတာ။ ပြီးတော့ နေ့တိုင်းလေယာဉ်နဲ့ လာလာချနေတာက လူတွေကို အကြောက်တရားသွင်းနေတာ" ဟု တောင်ကုတ်ဒေသခံ လူငယ်တစ်ဦးက ဆိုသည်။
နိုဝင်ဘာ ၂၅ ရက်ကလည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ ညဈေးတန်း မီးလောင်ကာ အနီးပတ်ဝန်းကျင်မှ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။
အလားတူ နိုဝင်ဘာလ ၁၇ ရက်က တောင်ကုတ်မြို့တွင်း ပိတ်မိနေသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးမှာ လေကြောင်းဗုံးကြဲခံရမှုကြောင့် သေဆုံးသွားခဲ့ရသည်။
လက်ရှိတွင် တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA)က ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ စကခ ၅ နှင့် လက်အောက်ခံတပ်ရင်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တောင်ကုတ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများမှာ ပြင်းထန်နေသည်။