- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA ပြော
ရခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၅ ကို ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့နယ်တစ်လုံးကို အပြီးသတ်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA) က ပြောသည်။
15 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၅ ကို ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့နယ်တစ်လုံးကို အပြီးသတ်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA) က ပြောသည်။
AA ပြောခွင့်ရ ဦးခိုင်သုခက " စစ်ကောင်စီရဲ့ စကခ- ၅ ကို တပ်မဌာနချုပ်ကို အပြီးသတ်ရှင်းလင်းတိုက်ခိုက်ပြီးဖြစ်ပါတယ်။ လွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီးရှင်းလင်းနေပါတယ်။ ဒါကြောင့်မလို့ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်" ဟု ဆိုသည်။
စကခ - ၅ ဌာနချုပ်ကို AA က နိုဝင်ဘာလ တတိယအပတ်မှစကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းပစ်ကူတို့ဖြင့် အပြင်းအထန်ခုခံခဲ့သည့်ကြားမှ တစ်လခန့်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် AA သည် ရခိုင်ဒေသအတွင်း စစ်ကောင်စီ၏ စစ်ဆင်ရေးများကို အထူးကပ်ကွဲပေးနေသော စကခ ဌာနချုပ် သုံးခုဖြစ်သည့် စကခ (၉) ကျောက်တော်နှင့် စကခ(၁၅) ဘူးသီးတောင်နှင့် စကခ(၅) တောင်ကုတ်တို့ကို အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်သည်။
တောင်ကုတ်မြို့နယ်အတွင်း ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများ ရှိနေသေး၍ ဒေသခံများအနေဖြင့် လုံခြုံရေးကို အထူးသတိထားကြရန် လိုအပ်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
" တောင်ကုတ်မြို့နယ်တစ်ခုလုံးကို AA သိမ်းပိုက်လိုက်ပြီဆိုပေမယ့် ထွက်ပြေးလွတ်မြောက်နေသေးတဲ့ စစ်ကောင်စီတပ်သားတွေရှိသေးတယ်။ သူတို့တွေက ဒေသခံတွေကို အန္တရာယ်ပြုလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာတွေကို ဂရုစိုက်သင့်တယ်" ဟု သူက ဆိုသည်။
တောင်ကုတ်တိုက်ပွဲကာလတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုများကြောင့် တောင်ကုတ်မြို့ပေါ်နှင့် စစ်ကောင်စီတပ်အနီးဝန်းကျင်မှ နေအိမ်များ မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်။
ဒီဇင်ဘာ ၉ ရက်က လေကြောင်းပစ်ခတ်မှုကြောင့် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်မှ နေအိမ် ၈ ဆောင်ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီ ဒီဇင်ဘာ ၄ ရက်ကလည်း လေကြောင်းပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ် ၁၅ ဆောင် မီးလောင်ပျက်စီးခဲ့ရသည်။
လက်ရှိတွင် ရခိုင်တိုက်ပွဲတစ်နှစ်ကျော်အတွင်း AA သည် ရခိုင်က မြို့နယ် ၁၂ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်း၊ ဂွမြို့နယ်တို့ကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေ၍ တိုက်ပွဲများပြင်းထန်နေသည်။