ရမ်းဗြဲတွင် ဒေသထုတ် ဆေးရွက်ကြီး ရောင်းအားကောင်းနေ
"အခုက ကိုယ့်နယ်မှာပဲ အရောင်းအဝယ် ပိုဖြစ်လာတယ်။ ပြီးတော့ ပြည်မဘက်က ဆေးလိပ်တွေ အဝင်နည်းသွားတော့ ဆေးရွက်ကြီး သောက်တဲ့သူ ပိုများလာတယ်" ဟု ရမ်းဗြဲမြို့နယ်၊ အောင်စေကုန်းကျေးရွာမှ ဆေးရွက်ကြီး စိုက်ပျိုးသူတစ်ဦးက ပြောသည်။
19 Oct 2024
DMG ၊ အောက်တိုဘာ ၁၉
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ဒေသထွက်ကုန်တစ်ခုဖြစ်သည့် ဆေးရွက်ကြီးမှာ ဈေးကောင်းရပြီး ရောင်းအားကောင်းနေကြောင်း ဆေးရွက်ကြီးစိုက်ပျိုးသူများထံမှ သိရသည်။
ယခင်က ဆေးရွက်ကြီးကို ဝယ်ယူသောက်သုံးသူ နည်းပါးခဲ့သော်လည်း လက်ရှိတွင် ဆေးရွက်ကြီးကို ဝယ်ယူမှုများပြားလာနေ၍ ရောင်းအားကောင်းနေခြင်းဖြစ်သည်။
" အရင်တုန်းက မြေပုံဘက်ကိုလည်း ပို့တယ်။ အခုက ကိုယ့်နယ်မှာပဲ အရောင်းအဝယ် ပိုဖြစ်လာတယ်။ ပြီးတော့ ပြည်မဘက်က ဆေးလိပ်တွေ အဝင်နည်းသွားတော့ ဆေးရွက်ကြီး သောက်တဲ့သူ ပိုများလာတယ်" ဟု ရမ်းဗြဲမြို့နယ်၊ အောင်စေကုန်းကျေးရွာမှ ဆေးရွက်ကြီး စိုက်ပျိုးသူတစ်ဦးက ပြောသည်။
ရခိုင်ဒေသတွင် တိုက်ပွဲမဖြစ်မမီအချိန်က ဆေးရွက်ကြီးတစ်ပိဿာကို အရွယ်အစားအလိုက် ငွေကျပ် ၁၀,၀၀၀ မှ ၈၅,၀၀၀ ကျပ်အထိ ရှိခဲ့သည်။
လက်ရှိတွင် ဆေးရွက်ကြီး တစ်ပိဿာကို ငွေကျပ် ၄၅,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အထိ ဈေးကောင်းရနေကြောင်း သိရသည်။
ပြည်မ/ပြည်ပထုတ် စီးကရက်၊ ဆေးပေါ့လိပ်တို့မှာ ဈေးနှုန်းများပြားသည့်အတွက် ဒေသထုတ် ဆေးရွက်ကြီးကို ဝယ်ယူသောက်သုံးနေကြခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။
" ဆေးရွက်ကြီး တစ်ပိဿာကိုမှ လေးသောင်းကျော်ပဲရှိတော့ လနဲ့ချီပြီး ဆေးလိပ် လိပ်သောက်လို့ရတယ်။ ဖက်ကြမ်း(ဆေးပေါ့လိပ်)တို့ကျ တစ်ထုပ်ကို သောင်းကျော်နေရှိတယ်။ ဘယ်လောက်မှ မသောက်ရတော့ ငွေကုန်တာပဲ အဖတ်တင်တယ်။ ကုန်တာချင်းအတူတူ ဆေးရွက်ပဲ ဝယ်ပြီး လိပ်သောက်တယ်" ဟု ရမ်းဗြဲမြို့နယ်၊ တိန်ပြင်ကျေးရွာမှ အသက် (၅၀) အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
ရမ်းဗြဲမြို့နယ်အတွင်း အောင်စေကုန်း၊ သင်းပန်းကိုင်း၊ သပြေချောင်း၊ သဲတောပြင်စသည့် ကျေးရွာများတွင် ဆေးရွက်ကြီး အများဆုံးစိုက်ပျိုးကြပြီး အခြားသော ကျေးရွာများတွင်လည်း စိုက်ပျိုးကြသည်။
ယခင်က ရမ်းဗြဲမြို့နယ်မှ ထွက်သော ဆေးရွက်ကြီးကို မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ စသည့် မြို့များသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ လမ်းခရီးပိတ်ဆို့မှု အခြေအနေများကြောင့် မြို့နယ်အတွင်း၌သာ ရောင်းချနိုင်သော်လည်း ဈေးကောင်းရပြီး အဆင်ပြေကြောင်း ဆေးရွက်ကြီးစိုက်ပျိုးသူများက ပြောသည်။
ရခိုင်ဒေသတွင် စစ်ရေးပဋိပက္ခကြောင့် စစ်ကောင်စီက လမ်းပိတ်ထားသဖြင့် ပြည်မဘက်မှ ကုန်များ ဝင်ရောက်မှု နည်းလာကာ ဒေသခံများမှာ ဒေသထွက်ကုန်များကို အားထားမှီခိုလာကြသည်။