၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်မလား

စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေးကို ရည်ရွယ်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ‘မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်မလား’ ဆိုတာကို နိုင်ငံရေးလေ့လာသူတွေရဲ့ အမြင်ကို ဖော်ပြလိုက်ပါတယ်။ 

By Admin 11 Nov 2023

၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်မလား

အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၅၀ ခန့် သိမ်းပိုက်ထားပြီး မြို့ ၆ ခုကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ မကြာမီမှာလည်း စစ်ဆင်ရေးကို တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ပူးပေါင်းပြီး တစ်နိုင်ငံလုံးအနှံ့ ဆင်နွှဲသွားမယ်လို့ ညီနောင်သုံးဖွဲ့က ပြောဆိုထားပါတယ်။ 

စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေးကို ရည်ရွယ်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ‘မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်မလား’ ဆိုတာကို နိုင်ငံရေးလေ့လာသူတွေရဲ့ အမြင်ကို ဖော်ပြလိုက်ပါတယ်။ 

ဦးသန်းစိုးနိုင် (နိုင်ငံရေးသုံးသပ်သူ) 

လောလောဆယ်တော့ ၁၀၂၇ စစ်ဆင်ရေးဟာ ကိုးကန့်နယ်ထဲမှာရှိနေတဲ့ တပ်စခန်းတွေကို သိမ်းပိုက်နေကြတယ်။ တခြားဒေသတွေကို သိမ်းပိုက်ဖို့လည်း ပြင်ဆင်နေတာတွေရှိတယ်။ ဒုတိယအဆင့် ကတော့ ကျောက်မဲနဲ့ ကွတ်ခိုင်ဒေသကို သိမ်းပိုက်နိုင်ရေးဖြစ်တယ်။ တချိန်တည်းမှာပဲ ဒီစစ်ဆင်ရေးဟာ စစ်ကိုင်းတိုင်းဘက်ကိုလည်း ရောက်ရှိသွားတယ်။ ဆိုလိုတာက ဒီတိုက်ပွဲတွေဟာ အကုန်လုံး ချိတ်ဆက်နေတယ်။ 

ဒီဒေသကိုတိုက်ခိုက်နေတဲ့အချိန်မှာ ခိုင်မာတဲ့စစ်ဆင်ရေးကို တည်ဆောက်ဖို့အတွက် တခြားသော ဒေသအသီးသီးဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း စတဲ့ ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ ဒေသတွေကို တိုက်ရအုံးမယ်။ အဲဒီဖြစ်စဉ်ပြီးမှပဲ နေပြည်တော်ကိုသိမ်းပိုက်ဖို့ အကောင်အထည် ပေါ်လာမယ်လို့ ယူဆတယ်။ 

ပြောချင်တဲ့အဓိပ္ပာယ်ကတော့ ဒီညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီထက်ပိုပြီး ကျယ်ပြန့်လာမယ်။ တဖက်မှာလည်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တည်းနဲ့ မြန်မာတစ်နိုင်ငံလုံး၊ နေပြည်တော်သိမ်းပိုက်နိုင်ရေး ဆိုတာ မဖြစ်နိုင်သေးဘူး။ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့အတွက် တိုင်းနဲ့ ပြည်နယ်တွေမှာရှိနေတဲ့ PDF တပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ တညီတညွတ်တည်းနဲ့ ဝိုင်းဝန်းပြီးတော့ မဟာဗျူဟာမြောက် စစ်ဆင်နိုင်မှပဲ နေပြည်တော်ကို ချီတက်နိုင်မယ်လို့ ယူဆပါတယ်။

ဦးဖေသန်း (ရခိုင်နိုင်ငံရေးသမား)

ဒီအခြေနေမှာတော့ ညီနောင် ၃ ဖွဲ့လောက်နဲ့တော့ သူတို့ရည်ရွယ်ချက် ပြည့်မီဖို့အတွက် လုံလောက်မှု မရှိသေးဘူး။ နယ်မြေကိုထိန်းချုပ်ဖို့လည်း လူအင်အားလိုတယ်။ တိုက်စစ်ဆင်ဖို့လည်း လူအင်အားလိုမယ် ဆိုတော့ ဒါဟာ သူတို့အတွက် အခက်အခဲဖြစ်လာမယ်။ ဒါကြောင့် စစ်ဆင်ရေး ပိုပြီးတော့ ကျယ်ပြန့်လာမယ် ဆိုရင် နေရာတိုင်းက ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းစစ်ဆင်ရေးတွေ လှုပ်ရှားရမယ်။ တော်လှန်ရေးနယ်မြေကျယ်ပြန့်လာအောင် စနစ်တကျ စီမံဆောင်ရွက်ရမယ်။ အဲဒီအချိန်ကျမှပဲ ကျယ်ပြန့်တဲ့ဧရိယာကို စနစ်တကျ ထိန်းချုပ်နိုင်မယ်လို့ ထင်တယ်။ 

ဒါကြောင့် ဒီစစ်ဆင်ရေးဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ပဲ သက်ဆိုင်တာမဟုတ်ဘဲ တခြား တော်လှန်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ရိုက်ဆက်စပ်တယ်။ ၃ ဖွဲ့လောက်နဲ့တော့ တနိုင်ငံလုံးကို သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီ ၃ ဖွဲ့ရဲ့ လုပ်ဆောင်ချက်ကတော့ တစ်နိုင်ငံလုံးကို မီးမောင်းထိုးပြနေတယ်။ 

ဒေါ်ဝေဝေ (မြန်မာ့အမျိုးသမီးသမဂ္ဂ)

စစ်ကောင်စီရဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ပြောရမယ်ဆိုရင် အပိုင်းလိုက်လောက်ပဲ နယ်မြေသိမ်းပိုက်လာနိုင်လို့ပေါ့နော်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိမ်းပိုက် လုပ်ဆောင်လာမယ်ဆိုရင်တော့ အကြမ်းဖက်စစ်အုပ်စု ပြိုလဲသွားပြီး အပြစ်မဲ့ ပြည်သူတွေဟာလည်း ကိုယ့်ဒေသကို ကိုယ်ပြန်နိုင်မယ်။ အေးချမ်းစွာနေထိုင်နိုင်မယ်။ ဒါကြောင့်မို့လို့ အခု ၁၀၂၇ စစ်ဆင်ရေး အောင်မြင်လာဖို့ကျတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဟန်ချက်ညီညီသွားဖို့ လိုပါတယ်။

တာဝန်ရှိသူတစ်ဦး (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)

ဒီစစ်ဆင်ရေးဖော်ဆောင်ရတဲ့ ရည်ရွယ်ချက်တွေထဲမှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ဆိုတာလည်း ဖော်ပြထားတယ်။ ဒါပေမယ့် ကျနော့်အမြင်ပြောရရင် ၁၀၂၇ စစ်ဆင်ရေးက ဘယ်လောက်ခရီးရှည်ပြီး၊ ဘယ်အထိသွားနိုင်လဲဆိုတာ စစ်ဆင်ရေးဖော်နေတဲ့ မဟာမိတ်တွေရဲ့ ရည်မှန်းချက်နဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ဒါကို ကျနော်တို့ အပြင်ကနေ အတိအကျသုံးသပ်ဖို့ဆိုတာ လောလောဆယ်တော့ စောလျှင်သေးတယ်။  ဒါပေမယ့် ကျယ်ပြန့်လာမယ် ဆိုတာကတော့ သေချာတယ်။ တစ်နေ့ထက်တစ်နေ့ တိုက်ပွဲတွေ ကြီးကြီးမားမားဖြစ်နေတာကို အကုန်လုံးတွေ့ရမှာပါ။ 

တော်လှန်ရေးတစ်ရပ်ဆင်နွှဲဖို့ အင်အားကြီးတဲ့ရန်သူကို ရင်ဆိုင်ဖို့ဆိုတာ တပ်ပေါင်းစု လိုအပ်တယ်။ တပ်ပေါင်းစုဖွဲ့စည်းပြီး တိုက်မှသာ ထိရောက်အောင်မြင်မယ်ဆိုတာ ဒီစစ်ဆင်ရေးက သက်သေပြနေတယ်။ လက်ရှိမှာ စစ်ဘောင်ပိုကျယ်လာတယ် ဆိုတော့ စစ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြည်သူတွေအနေနဲ့ ကြုံတွေ့ခံစားနေရတယ်။ ရှေ့ကာလမှာလည်း ပိုဆိုးရွားမယ်လို့ မြင်တယ်။

ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း တိုက်ပွဲတွေမဖော်လို့မရဘူး။ အဖိနှိပ်ခံနေရတဲ့ လူထုတရပ်လုံး လွတ်မြောက်ဖို့အတွက်၊ ကျနော်တို့မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးအတွက်၊ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးစနစ်တစ်ခုအတွက် လက်နက်ကိုင်တိုက်ပွဲတွေရော လူထုတိုက်ပွဲတွေပါ ရှိရလိမ့်မယ်လို့ မြင်တယ်။ ဒီအတွက် အသက်သွေးချွေး ရင်းနှီးပေးဆပ်ရတာတွေကတော့ ဆက်ရှိနေအုံးမှာပါပဲ။

အမျိုးသမီးတစ်ဦး (ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့တစ်ခု) 

ညီနောင် ၃ ဖွဲ့ စစ်ဆင်ရေးကတော့ ရခိုင်ဘက်ကိုလည်း ကျယ်ပြန့်လာနိုင်သလို သူတို့လုပ်ဆောင်နိုင်တဲ့အပေါ် မူတည်ပြီးတော့ တစ်နိုင်ငံလုံးသို့လည်း ကျယ်ပြန့်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာဆိုရင် စစ်ကောင်စီရဲ့စစ်ရေးလှုပ်ရှားမှုကို သိသိသာသာ တွေ့မြင်နေရတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီနဲ့ AA တို့ အပြန်လှန်ဖမ်းဆီးတာတွေ၊ စစ်ကောင်စီဘက်က လက်နက်စမ်းသပ်မှုတွေ လုပ်နေတယ်။ 
စစ်ကောင်စီဟာ ‘ကြွက်မနိုင် ကျီမီးရှို့’ ဆိုသလိုပဲ ရှမ်းမြောက်ဘက်ကအခဲကို ဒီဘက်မှာ ပုံချလာနိုင်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးကတော့ တစ်နိုင်ငံလုံးကို လှုပ်ခတ်နေတယ်။ ဒီစစ်ဆင်ရေးရဲ့ နောက်ဆက်တွဲကတော့ အဆိုးလည်းရှိမယ်၊ အကောင်းလည်းရှိတယ်။ ဆိုလိုချင်တာက အဲဒီဘက်ကလာတဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်တာတွေကို ပြည်သူတွေ ခံစားရမယ်။ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရတာတွေ ရှိမယ်။ ဒါကို ကြံ့ကြံ့ခံနိုင်ပြီး ကျော်လွှားဖို့အတွက် အကုန်လုံးပူးပေါင်းရမယ်။  စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းဖို့အတွက် ဆိုရင်တော့ ညီနောင် ၃ ဖွဲ့တည်းမဟုတ်ဘဲ တခြား တိုင်းရင်းသား လက်နက်ကိုင်တွေလည်း တက်ညီလက်ညီနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုပါတယ်။

#D003 #DMG

ဗီဒီယိုများ