တိုက်ပွဲ ချက်ချင်းရပ်ဖို့ TNLA ကို တရုတ်ခြိမ်းခြောက်တာ ဘာကြောင့်လဲ

တရုတ်သည် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ခြင်းမပြုဟု ပြောဆိုထားသော်လည်း ယခုအခါတွင် TNLA အပေါ် ရာဇသံကဲ့သို့ ခြိမ်းခြောက်သတိပေးခြင်းအပေါ် နိုင်ငံရေးသမားများနှင့် တရုတ်အရေး လေ့လာစောင့်ကြည့်သူများ၏ သဘောထားအမြင်များကို DMG က တင်ဆက်ထားသည်။ 

By Admin 31 Aug 2024

တိုက်ပွဲ ချက်ချင်းရပ်ဖို့ TNLA ကို တရုတ်ခြိမ်းခြောက်တာ ဘာကြောင့်လဲ

DMG ၊ ဩဂုတ် ၃၁ 

တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကို ရှမ်းမြောက်ဒေသတိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက သြဂုတ် ၂၉ ရက်နေ့တွင် တစ်ဖက်သတ် သတိပေးစာ ပေးပို့ခဲ့သည်။  

သတိပေးချက်အား မလိုက်နာလျှင် တရုတ်ဘက်မှ နည်းလမ်းမျိုးစုံနှင့် ဖိအားပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲ အကျိုးဆက်များကို TNLA ဘက်က တာဝန်ခံရမည်ဟုလည်း ခြိမ်းခြောက်ထားသေးသည်။ ယင်းကိစ္စအပေါ် TNLA ခေါင်းဆောင်များ ဗဟိုကော်မတီတွင် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

တရုတ်သည် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ခြင်းမပြုဟု ပြောဆိုထားသော်လည်း ယခုအခါတွင် TNLA အပေါ် ရာဇသံကဲ့သို့ ခြိမ်းခြောက်သတိပေးခြင်းအပေါ် နိုင်ငံရေးသမားများနှင့် တရုတ်အရေး လေ့လာစောင့်ကြည့်သူများ၏ သဘောထားအမြင်များကို DMG က တင်ဆက်ထားသည်။ 

ဦးဖေသန်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

တိုက်ပွဲရပ်ဖို့ တရုတ်က ဖိအားပေးတဲ့ ဟိုင်ဂင်သဘောတူညီချက်တွေ လုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ဖက်က ကတိကဝတ်တွေ၊ စာချုပ်တွေ၊ သဘောတူညီချက်တွေကို လိုက်နာမှု မရှိဘူး။ ဒါကြောင့် တိုက်ပွဲတွေ ထပ်ဖြစ်လာတယ်ပေါ့။ 

အခုလည်း TNLA သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စစ်တပ်ဘက်က တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်ရင် မတိုက်ဘဲ နေမလားပေါ့။  အဲဒါက အရေးကြီးတယ်။ တစ်ဘက်က တိုက်ပွဲကို မတိုက်ဘဲ ရပ်ထားပေမယ့် မြန်မာစစ်တပ်ဖက်က တိုက်လာရင်၊ ဒါမှမဟုတ် သူတို့နယ်မြေတွေမှာ လှုပ်ရှားလာရင် တိုက်ပွဲဆိုတာ ဖြစ်လာမှာပဲ။ 

တရုတ်အနေနဲ့ တိုင်းပြည်ရဲ့ ငြိမ်ချမ်းရေးကို လိုလားပြီးတော့ ဖိအားပေးမယ်ဆိုရင်တော့ နှစ်ဘက်စလုံးက ရောက်တဲ့နေရာ ရပ်၊ မတိုက်ကြနဲ့ပေါ့။ အဲဒီလို ပြောသင့်တယ်။ တစ်ဖတ်သတ် ဖိအားပေးပြီးတော့ TNLA ကို မလုပ်မကိုင်နိုင်အောင် ဖိအားပေးမယ်ဆိုတော့ တရားနည်းလမ်းမကျဘူး။ တရုတ်အနေနဲ့ နှစ်ဖက်စလုံးကို ပြောသင့်တယ်။ ပြီးမှ ဘယ်ဘက်က ကျူးကျော်သလဲဆိုတာကို စောင့်ကြည့်သင့်တယ်။

TNLA နယ်မြေထဲကို မြန်မာစစ်တပ်က ကျူးကျော်သလား၊ စစ်တပ်ရဲ့နယ်မြေထဲကို TNLA က ကျူးကျော်သလား ဆိုတာကို စောင့်ကြည့်ဖို့တော့ လိုလိမ့်မယ်။ ဒီအတိုင်း ရပ်တန့်ပါ ဆိုရုံလောက်နဲ့ အလုပ်မဖြစ်ဘူး။ ရပ်တန့်ထားပေမယ့် မြန်မာစစ်တပ်က ဝင်တိုက်လာတဲ့အခါမှာ TNLA က ပြန်တိုက်မှာပဲ။ အရင်တုန်းကလည်း အဲလို သဘောတူချက်ဟာ ပျက်စီးသွားတယ်။ ဒါကြောင့် ဒီလိုလုပ်တာကတော့ ရုပ်ဆိုးတယ်လို့ ကျနော်မြင်တယ်။ နှစ်ဖက်စလုံးကို တန်းတူမပြောဘဲနဲ့ တဖက်သတ်ဖိအားပေးတယ်။ ခြိမ်းခြောက်တယ်။ ဒါမျိုးလုပ်တာကတော့ နိုင်ငံတစ်နိုင်ငံအနေနဲ့ သူများနိုင်ငံရဲ့ ပြည်တွင်းရေးကို လုပ်တဲ့အခါမှာ မျှမျှတတရှိသင့်တာပေါ့။ 

TNLA က တိုက်ပွဲတွေတိုက်လို့ နယ်မြေတွေ အများကြီးသိမ်းလာတယ်၊ မြို့တွေအများကြီး သိမ်းတဲ့အခါကျမှ တရုတ်က ကြားဝင်ပြီးတော့ တဖက်ညှိနှိုင်းပြီးတော့ လုပ်တာဟာ သဘာဝမကျဘူး။ ဒါဟာ TNLA ရဲ့ အောင်ပွဲကိုပြန်ပြီးတော့ ပျက်သွားအောင် မြန်မာစစ်တပ်ဘက်က စိတ်ဓာတ်အားဖြင့် ခြိမ်းခြောက်ပြီးတော့ အကူအညီပေးသလို ဖြစ်နေတယ်။ 

ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ) 

TNLA ကို တရုတ်က ပို့လိုက်တဲ့စာဟာ သံတမန် မဆန်ဘဲ လမ်းဘေးက လူမိုက်စကားပြောသလို ခြိမ်းခြောက်တဲ့ သဘောပါလာတော့ စိတ်မကောင်းစရာပါပဲ။ သူတို့တောင်းဆိုတာကို မလိုက်နာရင် ဆက်လုပ်နေမယ်ဆိုရင် သူတို့ (တရုတ်)အနေနဲ့ ပညာပေးမှုတွေ၊ ဖိနှိပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်သွားတာ။ ဒါပေမယ့် အဲဒီဟာနဲ့ ပတ်သက်လို့ TNLA ကတော့ ဗဟိုကော်မတီအစည်းဝေး လုပ်နေတဲ့ကာလမို့ တိတိကျကျ အကြောင်းမပြန်သေးဘူး။ 

အကြောင်းမပြန်တာနဲ့ တပြိုင်နက်တည်း TNLA အနေနဲ့ အခု ပြင်ဦးလွင်နား(နောင်ချို)က တောင်ခမ်း အမြောက်ဗျူဟာကုန်းကို တိုက်နေတဲ့ တိုက်ပွဲနှစ်ခု ရှိနေတယ်။ ပြောလိုတဲ့သဘောကတော့ စစ်ကတော့ မရပ်စဲသေးဘူးပေါ့ဗျာ။ သူတို့ဦးတည်ချက်တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်နေတယ်။ နယ်စပ်မှာတော့ မလုပ်ဘူးပေါ့။ ဒါက ဘာလို့ ဒီလိုဖြစ်လာလဲပြောရရင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့မှုနဲ့ ဆိုင်ပါတယ်။ အဲဒီဆွေးနွေးပွဲအရ ဗမာပြည်ထဲမှာ ပြည်တွင်းစစ်မဖြစ်ရဘူး။ စစ်တွေရပ်ပေးရမယ်။ 

နောက်တစ်ခုက အရှေ့တောင်အာရှအဖွဲ့အစည်းနဲ့ ဆက်စပ်ပြီး အလုပ်လုပ်ကိုင်ရမယ်။ တတိယတစ်ခုကတော့ ဗမာပြည်နဲ့ပတ်သက်တဲ့ ကိစ္စတွေထဲမှာ ဘယ်ပြည်ပနိုင်ငံကမှ စွက်ဖက်စရာမလိုဘူး။ သူတို့(တရုတ်)ပဲ စွက်ဖက်မယ်ပေါ့လေ။ ပြောချင်တာကတော့ အမေရိကန်နဲ့ ဥရောပအင်အားစုတွေ ပါမလာဖို့ တားတာ။ 

ရွှေလီတစ်ဘက်ကမ်းမှာရှိတဲ့ မူဆယ်မှာ TNLA နဲ့ အစိုးရ စစ်တပ်အစိတ်အပိုင်းတချို့လည်း ရှိနေတဲ့အခါ အဲဒီမှာ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ဖို့ ရွှေလီကနေ ခြိမ်းခြောက်အကျပ်ကိုင်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် TNLA က သူလုပ်စရာရှိတာကိုတော့ ဆက်လုပ်နေတယ်။

ဦးထွန်းကြည် (နိုင်ငံရေးလေ့လာသုံးသပ်သူ) 

TNLA အနေနဲ့ တရုတ်ဖိအားပေးလာတယ်ဆိုတော့ တိုက်ပွဲကို ရပ်ပေးရမယ့် အခြေနေပိုများတယ်လို့ ကျနော်မြင်တယ်။ ဒီအဖွဲ့ကိုက တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပထဝီအနေအထားရှိတယ်။ နောက်တစ်ခုက လူမျိုးအရလည်း တရုတ်စကားပြောတဲ့ လူတွေများတယ်ပေါ့လေ။ ဒီနေရာမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကလည်း အများကြီးရှိတယ်။ ၁၀၂၇ စစ်ဆင်ရေး ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ တရုတ်ဘက်ကလည်း စီးပွားရေးလုပ်ငန်းတွေ အများစုကို နယ်စပ်ဒေသမှာ ရပ်ထားရတာတွေရှိတယ်ဆိုတော့ တစ်ဘက်မှာ တရုတ်ဘက်ကလည်း စစ်ကောင်စီကို ပြုတ်ကျသွားအောင် လိုချင်ပုံမရဘူး။

TNLA အနေနဲ့လည်း တရုတ်နယ်စပ်မှာ တိုက်စရာနေရာတွေ သိပ်မရှိတော့ဘူး။ အခု မန္တလေးအစဘက်ကိုအထိ ရောက်လာတဲ့ အခြေနေမျိုး ရှိနေတယ်။ ဆိုတော့ ဒီအထဲမှာ ဝင်မပါဖို့နဲ့ ရရှိထားတဲ့ နယ်စပ်ဒေသတွေမှာ ထပ်ပြီး တိုက်ပွဲမဖော်ဖို့၊ ဒါကတော့ TNLA ကို သက်သက်ဖိအားပေးတယ် ဆိုတာထက် TNLA က သိမ်းထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီတပ်ကလည်း တိုက်ပွဲလာမဖော်ဖို့ ဆိုတဲ့ပုံစံမျိုးလို့ ကျနော် မြင်တယ်။ 

နောက်ပြီး တရုတ်အနေနဲ့ မြန်မာနိုင်ငံကို သူ့ရဲ့ပါဝါအောက်က နိုင်ငံတနိုင်ငံလို့ သိထားတယ်ပေါ့လေ။ အထူးသဖြင့် တရုတ်ရဲ့ အရိပ်အာဝါသအောက်က နိုင်ငံတနိုင်ငံလို့ ထိန်းထားမယ်လို့ ပိုမြင်လာပုံရတယ်။ အခြားတစ်ဘက်မှာလည်း မြန်မာနိုင်ငံအပေါ်မှာ အင်အားစုနိုင်ငံတွေဖြစ်တဲ့ အမေရိကန်တို့လို၊ ရုရှားတို့ ဒါတွေအားလုံးကို ကြီးကြပ်လိုက်တဲ့ သဘောပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေတဲ့အခါမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဘက်ကပြောတဲ့ဟာက အမေရိကန်တို့၊ ရုရှားတို့ အိန္ဒိယတို့အပါအဝင်ပေါ့လေ အင်အားကြီးနိုင်ငံတွေပါ ဒီပြဿနာမှာ ဝင်မရှုပ်ကြဖို့ စစ်တပ်က ကြီးကြပ်ပေးလိုက်တဲ့ သဘောလို့တော့ ကျနော်မြင်တယ်။