အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာချက်ကို ထောက်ခံကြောင်း နိုင်ငံရေးပါတီ ၂၅ ခု ပူးတွဲထုတ်ပြန်

MNDAA၊ TNLA၊ AA တို့ကို အကြမ်းဖက်အဖြစ် ကြေညာခြင်းကို သန်းပေါင်းများစွာသော ပြည်သူများကိုယ်စား နိုင်ငံရေးပါတီ ၂၅ ခုက အပြည့်အဝထောက်ခံပြီး ၎င်းတို့၏ လုပ်ရပ်များကို ထာဝရဆန့်ကျင်သွားမည် ဖြစ်ကြောင်း လက်မှတ်ရေးထိုးကာ ပူးတွဲထုတ်ပြန်ထားသည်။ 

By Admin 04 Sep 2024

ရန်ကုန်တွင် မေလ ၂၈ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲတစ်ခု။ ဓာတ်ပုံ - USDP
ရန်ကုန်တွင် မေလ ၂၈ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲတစ်ခု။ ဓာတ်ပုံ - USDP

DMG ၊ စက်တင်ဘာ ၄ 

ညီနောင်မဟာမိတ်သုံးဖွဲဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA၊ အာရက္ခတပ်တော် AA တို့ကို စစ်ကောင်စီက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းကို အပြည့်အဝ ထောက်ခံကြောင်း နိုင်ငံရေးပါတီ ၂၅ ခုက စက်တင်ဘာ ၃ ရက်တွင် ပူးတွဲသဘောထား ထုတ်ပြန်သည်။ 

MNDAA၊ TNLA၊ AA တို့ကို အကြမ်းဖက်အဖြစ် ကြေညာခြင်းကို သန်းပေါင်းများစွာသော ပြည်သူများကိုယ်စား နိုင်ငံရေးပါတီ ၂၅ ခုက အပြည့်အဝထောက်ခံပြီး ၎င်းတို့၏ လုပ်ရပ်များကို ထာဝရဆန့်ကျင်သွားမည် ဖြစ်ကြောင်း လက်မှတ်ရေးထိုးကာ ပူးတွဲထုတ်ပြန်ထားသည်။ 

အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် စစ်ရေးပစ်မှတ် မဟုတ်သည့် ပြည်သူများကို လူမှုဒုက္ခများဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းကြောင့် အစဉ်တစိုက် ကန့်ကွက်ရှုတ်ချမှုများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံရေးပါတီများ၏ ပူးတွဲထုတ်ပြန်ချက်တွင် ရေးသားထားသည်။   

ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့ ကြေညာခြင်းအား ထောက်ခံခြင်းမှာ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ယင်းပါတီများမှာ ပြည်သူကိုယ်စားပြု ပါတီများ မဟုတ်ကြောင်း နိုင်ငံရေးသမားများက ပြောဆိုကြသည်။ 

“စစ်ကောင်စီမှာ ဆန္ဒပြပွဲတွေ လုပ်ပေးဖို့ ငါးထောင်စားတွေတောင် ရှိတာပဲ။ အခု ပါတီတွေကလည်း အဲလိုမျိုး အဖွဲ့အစည်းငယ်လေးတွေပေါ့။ စစ်ကောင်စီ ရွေးကောက်ပွဲကို မျှော်လင့်နေကြတာ။ သူတို့ အခုလို လုပ်ပေမယ့် ဘာမှ မထူးသလို၊ ဘယ်သူမှလည်း စိတ်မဝင်စားဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

အကြမ်းဖက်အဖွဲ့ ကြေညာချက်ကို ထောက်ခံသည့် နိုင်ငံပါတီ ၂၅ ခုထဲတွင် စစ်ကောင်စီကျောထောက်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ(USDP) အပါအဝင် ရခိုင်မှ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီတို့လည်း ပါဝင်သည်။ 

အဆိုပါ နိုင်ငံရေးပါတီများမှာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့် ပြုထားသည့် ပါတီများဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆွေးနွေးမှုများလုပ်ဆောင်နေသည့် ပါတီများဖြစ်သည်။ 

စစ်ကောင်စီလုပ်ရပ်ကို အားပေးထောက်ခံကြသည့် နိုင်ငံရေးပါတီများက ပြည်သူ့ကိုယ်စားပြုဟု သုံးစွဲခြင်းသည် အရှက်တရားမရှိခြင်းဟု ပြည်သူများက ပြောကြသည်။

“စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက အဖက်ဖက်က နိမ့်ကျနေတာလေ။ အဲဒီလို အစိုးရကို ဘယ်သူက လိုချင်မှာလဲ။ အဲဒီအစိုးရကို ထောက်ခံနေတဲ့ နိုင်ငံရေးပါတီတွေကရော သူတို့ကိုယ်သူတို့ ပြည်သူ့ကိုယ်စားပြုပါတယ်ဆိုပြီး ခံယူနေတာက အရှက်တရား မရှိတာပဲ" ဟု မကွေးတိုင်းမှ ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်သူတစ်ဦးကလည်း “ရခိုင်မှာဆိုရင် ULA/AA က လွှဲလို့ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှ ထောက်ခံတာမရှိသလို လက်လည်းမခံဘူး။ အခုပါတီတွေက စစ်ကောင်စီ ဟန်ပြရွေးကောက်ပွဲအတွက် ကစားစရာ အရုပ်ကလေးတွေ အဖြစ်ခံနေကြတာ” ဟု ပြောသည်။ 

MNDAA၊ TNLA၊ AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက စက်တင်ဘာ ၂ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်တွေ့မြေပြင်တွင်  အကြမ်းဖက်လုပ်ရပ်များကို စစ်ကောင်စီက လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ပြည်သူများနှင့် စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုနေကြသည်။