မြန်မာ့အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးနှင့် အင်တာဗျူး

စစ်အာဏာသိမ်းချိန်မှ လက်ရှိအချိန်ထိ သုံးနှစ်တာအတွင်း အမျိုးသမီးများရင်ဆိုင်နေရသော စိန်ခေါ်မှုနှင့် အခက်အခဲများအား မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးကို DMG က ဆက်သွယ်မေးမြန်းထားသည်။

By Admin 20 Jul 2024

မြန်မာ့အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးနှင့် အင်တာဗျူး

DMG ၊ ဇူလိုင် ၂၀

နိုင်ငံအနှံ့တွင် စစ်ရေးအရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပြည်သူများအား လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ဖမ်းဆီးတရားစွဲဆိုမှု၊ သတ်ဖြတ်မှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိသည်။

အမျိုးသမီးများမှာလည်း စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ခံနေရပြီး လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍအသီးသီးတွင် အခက်အခဲများနှင့် ဖြတ်ကျော်နေရကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောကြသည်။

စစ်အာဏာသိမ်းချိန်မှ လက်ရှိအချိန်ထိ သုံးနှစ်တာအတွင်း အမျိုးသမီးများရင်ဆိုင်နေရသော စိန်ခေါ်မှုနှင့် အခက်အခဲများအား မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးကို DMG က ဆက်သွယ်မေးမြန်းထားသည်။

DMG - စစ်ရေးပဋိပက္ခကြားက အမျိုးသမီးတွေရဲ့ လက်ရှိအခြေအနေကို သိပါရစေ။

BWU - စစ်ပွဲကြားတိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေ အဓိကရင်ဆိုင်ကြုံတွေ့ရတဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲတွေက လုံခြုံရေးပိုင်းဆိုင်ရာရှိမယ်။ အခြေခံစားသောက်ကုန် မလုံလောက်တာရယ်၊ အာဟာရချို့တဲ့မှုတွေကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်တွေ၊ မီးဖွားခါစမိခင်တွေအတွက် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေရှိတယ်။ ပြီးတော့ စစ်ပွဲပဋိပက္ခအတွင်း ကြားနေရတဲ့ လက်နက်ကြီးသံတွေ၊ စစ်အုပ်စုရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကလေးပျက်ကျမှုနှုန်း ပိုပြီးမြင့်တက်လာတာကိုလည်း တွေ့နေရပါတယ်။ လုံခြုံရေးအရကြည့်မယ်ဆိုရင်လည်း မုဒိမ်းမှုလိုကိစ္စမျိုး လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရတဲ့ အမျိုးသမီးတွေကိုယ်တိုင် တရားမျှတမှုဆိုတာမျိုး လုပ်ဆောင်ဖို့ဆိုတာထက် အသက်လုံခြုံရေး၊ ဘဝရှင်သန်ရေးအတွက် ရုန်းကန်နေရတာမျိုး ဖြစ်နေရတယ်။

DMG - လက်ရှိမှာ အမျိုးသမီးတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေးအခြေအနေက ဘယ်လိုရှိနေလဲ။

BWU - တစ်တိုင်းပြည်လုံးအတိုင်းအတာကို ကြည့်မယ်ဆိုရင် ဒီသုံးနှစ်ကျော်ကာလမှာ စီးပွားရေးအရလည်း အဆိုးရွားဆုံးအခြေနေကို ရောက်သွားတယ်။ အလုပ်လက်မဲ့ရာခိုင်နှုန်းကို ကြည့်မယ်ဆိုရင် အမျိုးသမီးအများစုက အလုပ်လက်မဲ့များလာသလို၊ အလုပ်ရှိနေတဲ့ သာမာန်လုပ်သားတွေမှာလည်း သူတို့ရဲ့ဝင်ငွေနဲ့ မိသားစုတစ်စုလုံးကို ထောက်ပံ့ကူညီဖို့ လည်ပတ်နိုင်မှုမှာ စိန်ခေါ်မှုတွေဖြစ်လာနေတယ်။ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးအရ ဘဏ်တွေရဲ့လည်ပတ်မှုအပါအဝင် နိုင်ငံခြားကုမ္ပဏီတွေ ထွက်ခွာသွားတာကလည်း အလုပ်လက်မဲ့ဖြစ်စေမှုကို ပိုတွန်းပို့စေတယ်လို့ မြင်ပါတယ်။

DMG - အမျိုးသမီးတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုလည်း ပြောပြပေးပါ။

BWU - အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းမှာ တနိုင်ငံလုံးအတိုင်းအတာအရ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအခြေအနေ အဘက်ဘက်က အဆိုးရွားဆုံးနဲ့ အနိမ့်ဆုံးအခြေနေကို ရောက်လာနေတယ်။ ဒီအထဲကမှ အမျိုးသမီးတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်မှုဟာ အဆိုးရွားဆုံးအခြေအနေ ဖြစ်လာတာကို ကျမတို့မှတ်တမ်းတွေ အရလည်း သိနိုင်မြင်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ စစ်ရှောင်နေရတဲ့ အနေအထားကိုပဲ ကြည့်ကြည့်၊ လုံခြုံရေးအရကိုပဲကြည့်ကြည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအခြေအနေတွေအပြင် နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေ၊ ခြိမ်းခြောက်ခံရမှုတွေ မလုံလောက်မှုတွေနဲ့ နေ့စဉ်ဖြတ်သန်းနေရပေမယ့် လုံလောက်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုတွေကို လက်လှမ်းမမီဖြစ်နေတာကိုလည်း တွေ့မြင်နေရပါတယ်။

DMG - အာဏာသိမ်းကာလမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသမီးဦးရေ ဘယ်လောက်ရှိနေလဲ။

BWU - အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ဖမ်းဆီးခံရတဲ့ အမျိုးသမီးဦးရေ ၅,၅၅၅ ဦးရှိပါတယ်။ အဲဒီအထဲက ၄,၀၁၀ ဦးကို ဆက်လက်ထိန်းသိမ်းထားတုန်းဖြစ်တယ်။ ဒီဖမ်းဆီးခံရမှုထဲမှာ ရခိုင်ဒေသက အမျိုးသမီး ၄၉ ဦးလည်း ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း BWU က ကောက်ယူထားတဲ့ အချက်အလက်တွေအရ အမျိုးသမီး ၁၀ ဦး အဖမ်းခံရပြီးတော့ အဲဒီအထဲက ၈ ယောက်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းပန်လို့ အဖမ်းခံခဲ့ရတာ။

DMG - တစ်ဆက်တည်းမှာပဲ တရားစွဲခံထားရမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးအရေအတွက် ဘယ်လောက်ရှိလဲ။ အဲဒီလို တရားစွဲဆို၊ ထောင်ဒဏ်ချမှတ်ခံရတဲ့အထဲမှာ ဘယ်လိုမျိုးအမျိုးသမီးတွေကို အများ ဆုံးတွေ့မြင်ရလဲ။

BWU - အာဏာသိမ်းကာလမှာပဲ အမျိုးသမီးတွေ တရားစွဲခံထားရမှုပေါင်း (၈၉၅) မှုရှိပါတယ်။ အလွှာပေါင်းစုံက အမျိုးသမီးတွေ ပါဝင်တယ်လို့ပဲ ပြောရမှာ။ အဓိကကတော့ တော်လှန်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လူမှုကွန်ရက်တွေမှာ ရေးသားဖော်ပြတာတွေ၊ တော်လှန်ရေး အစုအဖွဲ့တွေကို ထောက်ပံ့ကူညီတာတွေ၊ တော်လှန်ရေးနဲ့ ဆက်စပ်တယ် လို့ စွပ်စွဲချက်တွေနဲ့ အများဆုံးဖမ်းဆီးခံကြရတာ ဖြစ်တယ်။

DMG - ဒီပြဿနာတွေကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ထင်ပါသလဲ။

BWU - ဒီပြဿနာတွေဖြစ်ပေါ်လာရတဲ့ အရင်းအမြစ်ကိုကြည့်ရင် စစ်အုပ်စုရဲ့အာဏာသိမ်းဖို့ ကြိုးစားမှုနဲ့ နောက်ဆက်တွဲ လူသားမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်နေတာတွေနဲ့ အာဏာတည်မြဲဖို့ကိုပဲ ဦးတည်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်တယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် ဒီအကြမ်းဖက်စစ်အုပ်စုအပြင် အာဏာရှင်မှန်သမျှ အမြစ်ပြတ်ဖို့လိုတယ်။ အာဏာရှင်မှန်သမျှနဲ့ ခေတ်အဆက်ဆက် ကျင့်သုံးအမြစ်တွယ်လာတဲ့ ဖိုဝါဒကြီးစိုးမှုတွေကိုလည်း ဒီနွေဦးတော်လှန်ရေးကနေတဆင့် အမြစ်ပြတ်ဖြတ်နိုင်မှသာ ကျမတို့ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ အဲလိုဖြေရှင်းတဲ့နေရာမှာလည်း သက်ဆိုင်ရာ တာဝန်ယူထားသူ၊ တာဝန်ရှိသူတွေ အစုအဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လမ်းစဉ်အတိုင်း မလိုက်ဖို့ လိုတယ်။

အခုလို DMGကို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။