ဘူလီနှင့် ရခိုင့်လူမှုအသိုင်းအဝိုင်း
အဲဒီနေရာက အခု နိုင်ငံရေးသမားတွေ လူတွေသိကြတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုံ (SEZ) နေရာပါပဲ။ ကမ္ဘာ့နိုင်ငံရေးဇတ်ခုံပေါ်မှာ မဟာဗျူဟာကျတဲ့နေရာလို့ တင်စားခံရ ဒေါ်လာဘီလီယံချီတန်တဲ့နေရာပါ။ စစ်တပ်ဖောက်ခဲ့တဲ့လမ်း လယ်ကွင်းပြင် ဖြတ်သွားတယ်။ တပြားမှ လျော်ကြေးမရပါ။ သိမ်းလိုက်တဲ့တောင်တွေဟာ ဒေသခံတွေရဲ့နေရာတွေဖြစ်တယ်။ ခြူးပြား တပြားမှ မရပါ။ အဆိုးဆုံးကတော့ စစ်တောနဲ့ သစ်ပုတ်တောင်ဆိုတဲ့ရွာတွေပါ။ အဲဒီနှစ်ရွာဟာ ဓညဝတီ ဌာနချုပ်ရဲ့ ခြံစည်းရိုးထဲမှာ အခုထိနေရပါတယ်။ တချိန်က ကိုယ်ပိုင်ခဲ့တဲ့မြေကို ကိုယ်က ဌာနချုပ်မှူးဆီမှာ သီးစားငှားပြီး ပြန်စိုက်ရပါတယ်။ ၂၄ နာရီ ကိုယ်စိတ်ကြိုက် ဝင်ထွက်ခဲ့လို့ရတဲ့နေရာဟာ စစ်တပ်က ရပ်ဆိုရပ်၊ ဘယ်အချိန်မထွက်ရဆိုတဲ့ ချုပ်နှောင်မှုအောက်ကို ရောက်သွားပါတယ်။
27 Apr 2021
DMG ၊ ဧပြီ ၂၇
မိုးမြင့် ရေးသားသည် (အတွေးအမြင်)
ကျနော့်ကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က တောရွာလေးတစ်ရွာမှာ မွေးပါတယ်။ မဆလ ခေတ်အတွေ့အကြုံကို ကြုံခဲ့ရတဲ့ အဖေနဲ့အမေက ပညာသင်ခွင့်မရှိခဲ့ကြပါ။ အဲဒီခေတ်တုန်းက ဘုန်းကြီးကျောင်းဟာ ရွာရဲ့အမြင့်ဆုံးပညာရေးပါပဲ။ အဖေက အဲဒီ ဘကပညာရေးကိုရပါတယ်။
ရွာတွေမှာက မိန်းကလေးတွေဆိုတာ အမြဲတန်း ဒုတိယနေရာမှာ အထားခံရတာ ပုံမှန်ပါပဲ။ ဒါကြောင့် ယောကျာ်းလေးဖြစ်သူက ပညာသင်ဖို့အခွင့်အများကြီးရှိပါတယ်။ အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့အထိ အမေလည်းပဲ စာကောင်းကောင်း မရေးတတ်ပါဘူး။ ဒါပေမဲ့ အမေက အရမ်းကြိုးစားတယ်။ ဇွဲရှိတယ်။ ခေါင်းမာတယ်။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားပြီး အာခံရဲတဲ့ သတ္တိသူ့မှာရှိတယ်။
အတန်းစာနဲ့ အသိပညာ
အဲဒီခေတ်တုန်းက ဗမာစာတတ်မြောက်ရေးနဲ့ "အ"သုံးလုံး သင်တန်းတွေ ရွာမှာလာပို့ချတော့ အမေ သင်ယူတယ်။ တစ်ရွာလုံးမှာ စာကိုရေးတတ်တဲ့သူ ငါးယောက်တောင်မပြည့်ပါ။ ကျနော့်အမေ အဲဒီထဲမှာပါတယ်။ အမေက ရေရှည်ကိုတွေးတတ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေ အမြဲရှိတတ်တယ်။ အဲဒီအဖိုးမဖြတ်နိုင်တဲ့ ပညာအမွေကို ကျနော်အမေ့ဆီက ရခဲ့တယ်။
အမေက မြင်တယ်။ ရွာမှာ ဒီအတိုင်းဇာတ်မြှပ်နေရင် သားသမီးတွေရဲ့ပညာရေးခရီး ဘယ်မှမရောက်မှာကို အမေသိတယ်။ ဘာလို့ဆို ရွာမှာ သူ့မျက်စိရှေ့ဖြစ်နေတာကို မြင်နေရတာကိုး။ ခုနှစ်တော့ ကျနော်သေချာမမှတ်မိပါ။ ၁၉၈၀-၉၀ ဝန်းကျင် မှာဖြစ်တဲ့ ကိစ္စပါ။ ကျောက်ဖြူမြို့ တဖက်ကမ်းတောင်ဘက်မှာရှိတဲ့ မီးငြိမ်းတောင်ပေါတဲ့ အရပ်တစ်ခုရှိပါတယ်။
အဲဒီနေရာကို အခုတော့ ဓညဝတီ ရေတပ်ဌာနချုပ်လို့ သိကြပါတယ်။ ရခိုင်ပြည်နယ်မှာ အကြီးဆုံးပါ။ အဲဒီရေတပ်ဌာနချုပ် မတည်ခင် အဲဒီနားတဝိုက်မှာ တောင်မော်ရွာနဲ့ တခြားရွာသေးသေးလေး ၃ ခုလောက်ရှိခဲ့ပါတယ်။ လူတွေပညာမတတ်၊ အစားဆင်းရဲ၊ ဝင်ငွေလည်းနည်းတော့ ကောလာဟလတွေကလည်း အမြဲလိုလိုရှိနေတတ်ပါတယ်။
ရွာပျက်၊ တပ်ရောက်
ကားလမ်းလည်းမရှိ၊ မြို့ပေါ်ကို ဟင်းတောင်းရွက်ပြီး ၃ နာရီ တောင်တက် တောင်ဆင်းသွား၊ ကူးတို့တခါစီးပြီးတော့ မြို့ပေါ်သွား ဈေးရောင်းကြပါတယ်။ ဒီလိုရလာတဲ့ငွေကို အပေါင်းအသင်းတွေနဲ့ပြန်လာတဲ့အခါ တောတောင်တွေကြားထဲ လက်နက်အားကိုးနဲ့ ဓါးမြတိုက်တာမျိုး ခံရတတ်ပါတယ်။
ရေတပ်ဌာနချုပ်မချခင် တောင်မော်ရွာဆို အမြဲလိုလို ဓါးမြတိုက်ခံရတော့ ရွာလည်းပျက်သွားပါတယ်။ ဘယ်သူမှ မနေရဲပါဘူး။ တခြားရွာကိုပြေးသူပြေး၊ မြို့ပေါ်ပြောင်းသူပြောင်းနဲ့ ရွာဟာ ခဏလေးအတွင်းမှာ ကွင်းပြင်အဖြစ်ကျန်ခဲ့ပါတယ်။ ၁၉၈၈ အရေးခင်းတုန်းကတော့ ရွာမှာ ထွေထွေထူးထူး ဘာမှမဖြစ်ပါ။ ၁၉၈၅ ကနေ ၁၉၉၀ ဝန်းကျင်မှာဖြစ်မယ်ထင်တယ်။
ဓညဝတီဌာနချုပ်စတည်တော့ ရွာကလူတွေကို လုပ်အားပေးခေါင်းစဉ်နဲ့ ပေါ်တာဆွဲပါတယ်။ အဲဒီတုန်းက စားနပ်ရိက္ခာဖူလုံဖို့နဲ့ တာဘောင်တွေ ဆည်ဖို့အတွက် တစ်အိမ်တစ်ယောက် မဖြစ်မနေ လိုက်ရပါတယ်။ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ရွာဆိုတော့ လူအယောက် ၂၀၀ ပေါ့။ ကျနော်က အရမ်းငယ်တော့ ၅ တန်းအရွယ် ကျောင်းသူ ကျနော့်အစ်မ အဲဒီတုန်းက တာဘောင်တွေသွားဆည်ရတယ်။ ညောင်းညာလို့ခဏနားခိုသူတွေ အရိုက်ခံရပါတယ်။
ကိုယ့်လယ်ယာကို သီးစားပြန်ငှားစိုက်ရ
ဘာတပြားတချပ်မှ မရပါ။ မနက်မိုးလင်းကနေ ခေါ်သွား ညနေ ၅ နာရီလောက်မှ အိမ်ပြန်ရောက်ပါတယ်။ ကျနော်ကတော့ လမ်းခင်းတဲ့နေရာမှာ ကျောက်ထုတာတွေကို သွားကြည့်တာ တခါရှိဖူးတယ်။ ကျောက်ဖြူမြို့နဲ့ဓညဝတီဌာနချုပ်ကို ဆက်သွယ်တဲ့ တခုတည်းသော ကားလမ်းပါ။ အဲဒီလမ်းကို နောက်ပြီးတော့ ရဲဘက်ကျတဲ့ထောင်သားတွေကိုလည်း ခိုင်းပါတယ်။
အဲဒီနေရာက အခု နိုင်ငံရေးသမားတွေ လူတွေသိကြတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုံ (SEZ) နေရာပါပဲ။ ကမ္ဘာ့နိုင်ငံရေးဇတ်ခုံပေါ်မှာ မဟာဗျူဟာကျတဲ့နေရာလို့ တင်စားခံရ ဒေါ်လာဘီလီယံချီတန်တဲ့နေရာပါ။ စစ်တပ်ဖောက်ခဲ့တဲ့လမ်း လယ်ကွင်းပြင် ဖြတ်သွားတယ်။ တပြားမှ လျော်ကြေးမရပါ။ သိမ်းလိုက်တဲ့တောင်တွေဟာ ဒေသခံတွေရဲ့နေရာတွေဖြစ်တယ်။ ခြူးပြား တပြားမှ မရပါ။ အဆိုးဆုံးကတော့ စစ်တောနဲ့ သစ်ပုတ်တောင်ဆိုတဲ့ရွာတွေပါ။ အဲဒီနှစ်ရွာဟာ ဓညဝတီ ဌာနချုပ်ရဲ့ ခြံစည်းရိုးထဲမှာ အခုထိနေရပါတယ်။ တချိန်က ကိုယ်ပိုင်ခဲ့တဲ့မြေကို ကိုယ်က ဌာနချုပ်မှူးဆီမှာ သီးစားငှားပြီး ပြန်စိုက်ရပါတယ်။ ၂၄ နာရီ ကိုယ်စိတ်ကြိုက် ဝင်ထွက်ခဲ့လို့ရတဲ့နေရာဟာ စစ်တပ်က ရပ်ဆိုရပ်၊ ဘယ်အချိန်မထွက်ရဆိုတဲ့ ချုပ်နှောင်မှုအောက်ကို ရောက်သွားပါတယ်။
တံငါနဲ့ဝမ်းစာရှာရတဲ့ ရွာနှစ်ရွာဟာ ငါးဖမ်းပြန်လာတိုင်း သေနတ်ကိုင်ထားတဲ့ ရေတပ်စစ်သားတွေကို အခမဲ့ ငါးတွေပေးရပြန်ပါတယ်။ အခန့်မသင့်ရင် ရိုက်နှက်တာ၊ သေနတ်ဘောင်နဲ့ ထုထောင်းခံရပါတယ်။ တခါဆိုရင် နားရွက်ဘေးနားကနေ သေနတ်ပစ်ဖောက်လိုက်တာ ရွာသားတစ်ယောက် ရူးမလိုဖြစ်သွားတဲ့ ဖြစ်ရပ် ရှိခဲ့ပါတယ်။ ဒီပြဿနာတွေ အမေတောက်လျှောက်မြင်ရတာရယ်၊ ရွာမှာ ပညာတတ်ရယ်လို့ မယ်မယ်ရရမရှိတာရယ်ကြောင့် မြို့ကိုပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ မြို့ပေါ်ပညာရေးက ဘာပဲပြောပြော တောထက်စာရင် အများကြီးကောင်းပါသေးတယ် (အဲဒီကာလ ကိုပြောတာပါ၊ အခုတော့ ဘယ်ကမှ အသိအမှတ်မပြုတဲ့ ပညာရေးစနစ်)။
မြို့ပေါ် ပညာရေး
ဒီလိုနဲ့ကျောင်းတက်ဖို့ ကျောက်ဖြူမြို့ပေါ်ရောက်တော့ စေတီတောင်ကွင်းလို့ လူသိများတဲ့ ရေပေါ်ကျောင်းမှာ စာသင်ရပါတယ်။ ရေပေါ်ကျောင်းဆိုတာက သူက ကွင်းလယ်မှာဆောက်ထားတော့ မိုးရွာတာနဲ့ အင်းလေးကန်လိုဖြစ်နေတာကြောင့်ပါ။ အဲဒီမှာ မူလွန်တက်ပြီးတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မြို့မကျောင်းလို့ လူသိများတဲ့ ကျောက်ဖြူမြို့ အလက (၂) (အခုတော့ အထက် တန်းဖြစ်သွားပြီထင်တယ်) မှာ တက်ရပါတယ်။ တမြို့လုံးမှာ စည်းကမ်းကြီးပြီးတော့ လူတော်တွေထွက်တဲ့ ကျောင်းဖြစ်တာမလို့ တမြို့လုံးရဲ့စံပြလို့ဆိုရမှာပါ။
နယ်ကလာတော့ ပညာရေးအခံကလည်းမရှိ၊ ငွေကြေးကလည်းမပြည့်စုံတဲ့ ကလေးတစ်ယောက်ဖို့ ရန်ကုန်ကို ရောက်ခါစ လမ်းပျောက်တဲ့ မအူမလည် ချာတိတ်တစ်ယောက် လိုပါပဲ။ ကျောင်းမှာ A-B နှစ်ခန်းခွဲထားပါတယ်။ A ခန်းက အမှတ်အများဆုံးရသူတွေနေရပါတယ်။ နံပါတ်အစဉ်လိုက်ပေါ့။ ကျနော်ကတော့ သာမန်ကလေးတစ်ယောက်ပါပဲ။ အမှတ်များချိန် A ခန်းရောက်လိုက်၊ အမှတ်နည်းတော့ B ခန်းထိပ်ဆုံးမှာ ထိုင်လိုက်နဲ့ပါ။ ကျနော်ချစ်တဲ့ ဆရာမ အတာဆိုရင် A ခန်းမှာ မထိုင်နဲ့ နောက်ဆုံးမှာ ထိုင်နေရင် စာကိုအာရုံမစိုက်နိုင်၊ B ခန်းထိပ်မှာနေ အမြဲပြောတတ်ပါတယ်။ သူ့စေတနာပါ။ တကယ်လည်း ဟုတ်ပါတယ်။ ကျနော် ၅ တန်းနှစ်စတက်တော့ ကျောင်းမှာ သက်ကြီးပိုင်း (စာမေးပွဲထပ်လဲလဲကျနေတဲ့ repeater) တချို့နဲ့ကြုံရပါတယ်။ သူတို့က အတန်းမှာ ဗလလည်းကြီး လူအုပ်လည်းတောင့်တော့ အခန်းထဲက လူအများစု သူတို့ကို ဘာမှပြန်မလုပ်ရဲကြပါ။ ပြောရမယ်ဆိုရင် ဘူလီ (Bully) အနိုင်ကျင့်သူတွေ ပေါ့။ အဲဒီအုပ်စုက ကျနော့်ကိုမေးပါတယ်။ မင်းမျက်နှာက ဘာဖြစ်လဲပေါ့။ တကယ်တော့ ကျနော့် မျက်နှာမှမဟုတ်ပါဘူး။ လူတစ်ကိုယ်လုံးဟာ လကမ္ဘာလိုပဲ မဲနက်တဲ့ချိုင့်ခွက်တွေအများကြီးပါ။
သားကောင်ဘဝမှ သားရဲအဖြစ်သို့
ဆေးရုံ ဆေးခန်းမရှိ လက်သည်နဲ့မွေးရတဲ့ တောရွာမှာ လသားအရွယ်ကျနော် ကျောက်ရောဂါကို အလူးအလဲခံခဲ့ရပါတယ်။ ကံတရားက ကျနော့်ကို သေခွင့်မပေးခဲ့ပါ။ ဒါပေမဲ့ သေရာပါ အမာရွက်တွေနဲ့တော့ လူဖြစ်လာတာပေါ့။ ကျောက်ပေါက်တာကြောင့် မျက်နှာအမာရွတ်ရှိတယ်ပြောတော့ ကျနော့်ကို နာမည်မှဲ့လိုက် ကြပါတယ်။ ကျောက်ဘီလူးတဲ့။ အဲဒီကနေ နာမည်ထပ်ပြောင်းကြပါတယ် ဘီလူးတဲ့။ ကျနော် အင်မတန် "မုန်းတီး" တဲ့ နာမည်ပါ။ ဒီနာမည်ကိုခေါ်တဲ့သူတိုင်း ကျနော် လမ်းတွေ့ရင်နှုတ်မဆက်ဖို့ ကျနော်စိတ်ထဲ ပိုင်းဖြတ်ထားပါတယ်။ ၅ နှစ်ကနေ ကျနော် ဆယ်တန်းအထိ အဲဒီနာမည်နဲ့ပဲ ကြီးပြင်းခဲ့ရပါတယ်။ ကျနော့်အဖေ အမေ ပေးတဲ့နာမည်ကို ဆရာမတွေတောင် တချို့မသိကြတော့ပါ။ အချိန်ကြာလာတော့ ကျနော့်စိတ်ဒဏ်ရာလည်း ကိုယ်ပေါ်က အမာရွတ်လိုပဲ နာကျင်မှုကင်းမဲ့လာခဲ့ပါပြီ။
ဒါပေမဲ့ မေ့သွားတာတော့မဟုတ်ပါ။ ကျနော်တို့ဟာ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကို မေ့လျော့နေတတ်ကြပါတယ်။ ပြုလုပ်ခံရတဲ့ ကျနော်ကိုယ်တိုင်ကပါ မေ့လျော့သွားတာပါ။ ပြောရမယ်ဆိုရင် ဘူလီလုပ်တဲ့ အကျင့်ကျနော့်ဆီမှာ စွဲကပ်လာပါတယ်။ အဲဒါက သိပ်တော့မသိသာပါဘူး။ အပေါင်းသင်းတွေထဲက တချို့သူငယ်ချင်းတွေကို သူ့နာမည်မခေါ်တော့ဘဲ အဖေနာမည်ကို တပ်ခေါ်တာမျိုး ကျနော်လုပ်တတ်လာပါတယ်။ အဲဒီကနေတဆင့် အရပ်ဒေသကို အစွဲပြုပြီး ဥပမာ-ကျနော် အရမ်း Crush ဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးရှိရာ နေရာ (ဂန့်ဂါ) ဒေသက လူတွေလို စကားမပီသလိုပြောတာမျိုးက အစ လုပ်တတ်လာပါတယ်။ တကယ်တော့ ဂန့်ဂါရွာဓလေ့ဟာ အင်မတန်ချစ်စရာ ကောင်းပါတယ်။ စကားမပြောမပီတာမဟုတ်ဘဲ ဒေသဓလေ့အရ သူ့ လေယူလေသိမ်းကိုယ်တိုင်က မပီသ သလိုဖြစ်တာပါ။
လူ့အခွင့်ရေးချိုးဖောက်ခံရခြင်း
အထက်မှာပြောခဲ့တဲ့ အချက်တွေအားလုံးဟာ တကယ်တော့ "လူ့အခွင့်ရေး ချိုးဖောက်ခံ" ခဲ့ရတဲ့ဖြစ်ရပ်တွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။ စိတ်ဒဏ်ရာရရုံမက၊ ကိုယ်တိုင်ပါ ကျူးလွန်သူဖြစ်လာခဲ့တယ်။ တဖက်သားမကြိုက်တဲ့ စကားလုံးကို ထပ်တလဲလဲခေါ်ခံရတာဟာ လူ့အခွင့်ရေးချိုးဖောက်ခံရတာဖြစ်ပါတယ်။ ကျနော်တို့ဟာ တဖက်သားရဲ့ခံစားမှုကို ထည့်တွက်ပေးသင့်တဲ့ ယဉ်ကျေးတဲ့ လူဖြစ်ဖို့လိုအပ်ပါတယ်။ ကျနော် ကျောက်ဖြူမြို့ကို စွန့်ခွာလာခဲ့တာ အခုဆို ဆယ်စုနှစ် နှစ်ခုစာရှိပါတော့မယ်။ ကျနော် ပြန်လှည့်ကြည့်လိုက်တိုင်း ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု အတော်လေးလိုအပ်နေပါသေးတယ်။ ကျနော့်လိုပဲ ဘူလီအလုပ်ခံရပြီးတော့မှ ကိုယ်တိုင်ထပ်ပြီး ဘူလီဖြစ်လာတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ လူငယ် လူရွယ်တွေ ဘယ်လောက်ရှိမလဲလို့ ကျနော် အင်မတန်စူးစမ်းမိပါတယ်။
ကျနော် ထင်မှတ်မထားလောက်အောင်ကို များနေတာ တွေ့ရပါတယ်။ အဲဒီအချက်လက် ဘယ်ကရသလဲမေးကြပါလိမ့်မယ်။ ဧပြီ ၂၅ ရက်နေ့မှာ ကျနော်ရေးလိုက်တဲ့ " စစ်တွေမြို့က ဂျမားဗလီ " ကိစ္စအောက်မှာ ဝင်ရောက် ခြိမ်းခြောက်၊ ဆဲရေးတိုင်းထွာ၊ မိုက်ကန်းနေသူတွေဟာ ဒီဝေဒနာသည်တွေပါပဲ။ သူတို့ဟာ ၂၀၁၈ ကနေ ၂၀၂၀ အထိ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ဖိနှိပ်ခံရမှု ဝေဒနာကို ကောင်းကောင်း ကြုံဖူးကြသူတွေပါ။ အခု ဝေဒနာ မေ့လျော့စပြုလာတော့ ကိုယ်တိုင်ဘူလီဖြစ်ဖို့ ထပ်မံတာစူလာကြတာပါ။
ဆေးကုဖို့လိုနေတဲ့ လူ့အသိုင်းအဝိုင်း
မွတ်စလင်ကိစ္စ၊ ရိုဟင်ဂျာကိစ္စရေးလိုက်တာနဲ့ ဒီလူတွေက လူမှမဟုတ်တာလို့ မြင်နေကြတဲ့ လူတွေအများကြီးရှိနေပါတယ်။ ဘုန်းကြီးတချို့ကအစ ကျင့်ဝတ်တောင်မထိန်းနိုင်၊ နှုတ်နဲ့ပြစ်မှားနေကြတာပါ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုဖြစ်ဖို့ လိုနေတာပါ။ ကျနော်တို့ ဒီစိတ်ရောဂါကို ကုဖို့လိုအပ်ပါတယ်။
၂၀၂၁-၂၂ ဟာ ရခိုင်သမိုင်းရော၊ မြန်မာ့သမိုင်းမှာပါ အပြောင်းအလဲအကြီးအကျယ်တစ်ခုဖြစ်နိုင်သလို၊ ဘယ်မှမရောက် ခရီးမတွင်တာလည်း ဖြစ်ကျန်ခဲ့နိုင်ပါတယ်။ ၁၂ နှစ်မြောက် တပ်တော်နေ့အခမ်းအနားမှာတော့ အောက်ခြေလွတ်စပြုလာတဲ့ တပ်တော်ထဲက ရခိုင်စစ်သားတွေကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးပါတယ်။ တိုင်းပြည်တစ်ခုကို စစ်တိုက်သူတွေနဲ့ချည်း တည်ဆောက်လို့မရတဲ့အကြောင်းနဲ့ ဘက်စုံလိုအပ်တဲ့အကြောင်းကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။ သူ့ရဲ့မိန့်ခွန်းမှာ သတိပြုမိတာက လူလူချင်းခွဲခြားဆက်ဆံမှုမရှိတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်ဖို့ ရည်မှန်းထား တာတွေ့ရပါတယ်။ ဒီရည်မှန်းချက်က "မူအစစ်အမှန်" ဆိုရင် ဝေဒနာသည် သို့မဟုတ် ဘူလီစရိုက်ကို ကုပေးမယ့် လမ်းစတစ်ခု အဖြစ် မျှော်လင့်ကြောင်းပါ။
၂၆၊ ၀၄၊ ၂၀၂၁
ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။