ကျွန်တော်တို့ ကျွန်းပေါ်က ကိုးတောင်ကျားရာဇဝင်
တကယ်တော့ ကျားတစ်ကောင်ရဲ့ အစာအိမ်မှာ နွားတစ်ကောင်လုံးကို စားသောက်နိုင်လောက်အောင် မကြီးကျယ်လှပါဘူး။ ဆိုတော့ သူစားသောက်ပြီးလို့ မကုန်တဲ့ အသားတွေ အရိုးတွေကို ခွေးအတွေ၊ ကျီးကန်းတွေက စားသုံးကြတာပေါ့။
23 Aug 2021
DMG ၊ ဩဂုတ် ၂၃
(Satire/သရော်စာ)
ကျွန်တော် ငယ်ငယ်တုန်းက လူကြီးသူမတွေ ပြောကြတဲ့ စကားဝိုင်းတွေနား အမြဲလိုလိုပဲ သွားနားထောင်ဖြစ်ခဲ့ပါတယ်။ ဆောင်းရာသီရဲ့ မနက်အာရုံနဲ့ ညနေပိုင်း မီးလှုံနေကြတဲ့ ဝိုင်းတွေမှာပေါ့။
ငါးခြောက်ဖုတ်တို့ မြေပဲလှော်တို့နဲ့ မီးဖိုဘေးက ရေနွေးဝိုင်းမှာ လူကြီးတွေလည်း စုံလှသလို စိတ်ဝင်စားစရာ အကြောင်းတွေလည်း နားထောင်ရတော့ သွားဖြစ်ပါတယ်။
ကျနော်တို့ဒေသက ပင်လယ်ကျွန်း သေးသေးလေးပါ။ ဒါပေမဲ့ တစ်ခါမှာတော့ ကျားတစ်ကောင် ရောက်လာဖူးတယ်လို့ ဆိုပါတယ်။ ရမ်းဗြဲကျွန်းမကြီးဘက်ကပဲ ကူးလာခဲ့ပုံရပါတယ်။ မာန်အောင်ကျွန်းနဲ့ဆိုတော့ နည်းနည်း ပိုဝေးတာကိုး။ အဲဒီတော့ ကျွန်းပေါ်ရောက်လာတဲ့ ကျားက သူတို့ ပြောစကားအရ အစ ပထမခါတော့ ကျားဆိုး(ကျားနာခဲ) တစ်ကောင်တော့ ဟုတ်လိမ့်မယ် မထင်ဘူး။ ဒါပေမဲ့လည်း အစာရေစာ ငတ်ပြတ်လာတဲ့အခါကျတော့ လယ်သမားတွေရဲ့ နွားတွေကို သတ်ဖြတ်စားသောက်လာပါတော့တယ်။
တကယ်တော့ ကျားတစ်ကောင်ရဲ့ အစာအိမ်မှာ နွားတစ်ကောင်လုံးကို စားသောက်နိုင်လောက်အောင် မကြီးကျယ်လှပါဘူး။ ဆိုတော့ သူစားသောက်ပြီးလို့ မကုန်တဲ့ အသားတွေ အရိုးတွေကို ခွေးအတွေ၊ ကျီးကန်းတွေက စားသုံးကြတာပေါ့။
လယ်သမားတွေက လယ်ပြီးတဲ့အချိန်ဆိုရင် နွားတွေကို နေမဝင်ခင်အချိန်ကတည်းက နွားတင်းကုပ်ထဲကို သွင်းပြီး ကောက်ရိုးခြောက်တွေကျွေးကာ တဲတိုင်တွေမှာ ချည်ထားခဲ့လေ့ ရှိကြပါတယ်။ ဒါပေမဲ့ ကိုယ်တွေနဲ့ပဲ ရွှံ့တလူးလူး မိုးတစိုစိုနဲ့ လယ်ယာလုပ်ငန်း ပြီးဆုံးတဲ့အထိ ဖြတ်သန်းခဲ့ကြလေတော့ မှက်၊ ခြင်နှင့် ဖြုတ်ကောင်တို့ရဲ့ သွေးစုပ်ခြယ်လှယ်ခြင်းကို ခံရမှာစိုးလို့ မီးမွှေးပြီးတော့ ထားခဲ့တတ်ကြပါတယ်။
နွားတွေကို ချည်တိုင်မှာချည်ပြီးတော့ ပြန်လာရင် နွားတင်းကုပ်ထဲမှာ မီးခိုးတလူလူနဲ့ တကယ်ကို ကြည့်ကောင်းလှတဲ့ မြင်ကွင်းတစ်ခုပါ။ မနက်မိုးလင်းတဲ့ အချိန်ရောက်ပြန်တော့လည်း ရွာနဲ့ အနီးအနားမှာရှိတဲ့ တဲပိုင်ရှင်တွေက မနက်စောစော နွားတွေကို တဲအပြင်ထုတ် အစာရေစာကျွေး သူတို့ရဲ့ အညစ်အကြေးတွေကို သိမ်းကျုံးပြီးတော့ သန့်ရှင်းသပ်ရပ်အောင် လုပ်ဆောင်နိုင်ကြပေမဲ့ ကျေးရွာနဲ့ အလှမ်းဝေးတဲ့ လယ်ပိုင်ရှင်တွေမှာတော့ မနက်စာကို ဆယ်နာရီလောက်မှာစားပြီးတော့ နာရီဝက်နီပါး သွားရတဲ့ တောလမ်းခရီးကို လျှောက်ကာ မိမိတို့ နွားတွေ အစာရေစာ ဝဖြိုးရေးကို ကြိုးပမ်းရပါတော့တယ်။ တနည်းအားဖြင့် နွားကျောင်းတယ်ပေါ့လေ။
အဲဒီလိုနဲ့ နွားတွေ တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်စားသောက်ခြင်းကို ခံနေရတဲ့ လယ်သမားတွေဟာ တစ်ယောက်ကိုတစ်ယောက် သံသယ ဝင်လာပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု လျော့နည်းလာကာ ပူးပေါင်းဆောင်ရွက်မှုလည်း မရှိဘဲ ကိုယ့်နွားကို သတ်ဖြတ်စားသောက်သူလို့ သံသယရှိတဲ့သူ ပိုင်ဆိုင်တဲ့နွားတစ်ကောင်ကို ညအချိန် လူခြေတိတ်ချိန်မှာ သွားရောက် သတ်ဖြတ်တာမျိုးတွေပါ ဖြစ်လာပါတော့တယ်။
ဒါပေမဲ့ ကျားသတ္တဝါ သတ်ဖြတ်စားသောက်ပုံနဲ့ လူတစ်ယောက် သတ်ဖြတ်စားသောက်ပုံချင်းဟာ ကွဲပြားခြားနားမှုတွေ ရှိနေပါတယ်။ အများအားဖြင့် ပိန်လှီနေတဲ့ နွားတွေကိုထက် အသားအရည် ပြည့်ဖြိုးလှတဲ့ နွားကောင်းနွားသန့်ကိုသာ ရွေးပြီး စားသောက်လေ့ရှိတယ်လို့ ဆိုပါတယ်။
ပြီးတော့ ကျနော်တို့ဒေသဟာ ပင်လယ်ကျွန်းဆိုပေမဲ့လည်း တောတောင်ထူထပ်တဲ့ အနေအထားမှာ ရှိနေပါတယ်။ လူကြီးသူမတွေ ပြောစကားအရတော့ ကျားဆိုတဲ့သတ္တဝါဟာ တစ်နေရာတည်းမှာ နှစ်ရက်ဆက် လာမစားတတ်ဘူးလို့လည်း ဆိုပါတယ်။ အဲဒါကတော့ ကျနော်တို့လည်း ကိုယ်တွေ့ မကြုံဖူးလေတော့ ပြောရခက်ပါတယ်။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျားတို့ရဲ့ အမူအကျင့်က တောပြောင်းတတ်တယ်ဆိုတာကိုတော့ သူတို့စကားဝိုင်းက ကြားသိခဲ့ရပါတော့တယ်။ ဒီနေ့ ဒီနေရာမှာ ကျက်စားပြီးရင် နောက်တစ်နေ့ နောက်တစ်နေရာမှာ ကျက်စားတယ်လို့ ဆိုပါတယ်။
တဖြေးဖြေးနဲ့ လူတွေက သူတို့ရဲ့ နွားတွေ သတ်ဖြတ်စားသောက်ခံထားရပုံတွေကို သတိထားလာမိကြပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သတ်ဖြတ်ခံထားရတဲ့ ပုံစံချင်း တူနေတာတွေ များလာကြလို့ပါပဲ။
ဒါပေမဲ့ ခက်တာက ပင်လယ်ကျွန်း သေးသေးလေးပေါ်မှာရှိတဲ့ အကြီးဆုံးသတ္တဝါက ကျွဲနဲ့နွားပဲ ရှိခဲ့တာဆိုတော့ စဉ်းစားရ ခက်နေကြတဲ့ အခြေအနေ။ ပဟေဠိတစ်ခုကို အဖြေရှာကြရပြီပေါ့။ သိပ်မကြာပါဘူး တောဘယံကို ပဲ့တင်ထပ်တဲ့ ဟိန်းသံကြီးတစ်ခုကို အနီးအနား ပတ်ဝန်းကျင် ရွာတွေကလည်း ကြားလိုက်မိကြတယ်လို့ ဆိုပါတယ်။
အရင်တုန်းက တစ်ခါမှ မကြားဖူးတဲ့ ဒီ ဟိန်းသံကြီးဟာ အဲဒီအနီးတဝိုက်မှာ နေထိုင်ကြတဲ့ ရွာသားတွေအပေါ်မှာ ကြောက်စိတ်ကို ဖြစ်ပေါ်စေခဲ့ပါတော့တယ်။ ကိုယ်တို့နေတဲ့နေရာကလည်း ပင်လယ်ထဲကကျွန်း တစ်ခါမှ မကြားဖူးရတဲ့အသံကိုလည်း ကြားရလေတော့ တောသူတောင်သားတွေပဲလေ ကြောက်လန့်ကြမှာပေါ့။ တတ်သိနားလည်မယ်လို့ ထင်ရတဲ့သူတွေကိုလည်း မေးမြန်းကြပါတော့တယ်။
အဲဒီတုန်းက အခု ပန်းတောင်း-တောင်ကုတ်လမ်းဟာ ကားလမ်းအဆင့် မဟုတ်ဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်က နွားတွေကို ဗမာပြည်မှာ သွားရောင်းရမယ်ဆိုရင် တောလမ်းအတိုင်း ရခိုင်ရိုးမကို ဖြတ်ကျော်ပြီး မောင်းနှင်ကြရတဲ့ခေတ်ပါ။ ရခိုင်ရိုးမမှာ ကျားတွေလည်း အတော်ပေါများသေးတာမို့ ညအိပ်ရပ်နားတဲ့ အချိန်တွေမှာဆိုလည်း အလှည့်ကျ ကင်းစောင့်ပြီး အိပ်ကြရတယ်လို့ ဆိုပါတယ်။
ဘကြီးတစ်ယောက်ကတော့ ပြောဖူးပါတယ် “လူတွင်ပါလို့ နွားကို ကျားဆွဲတယ်”ဆိုတဲ့ စကားပုံ။ ညည ကျတော့ ကျားက နွားကိုလာဆွဲတယ်၊ ဆွဲပုံကလည်း နွားရဲ့ လည်ဂုတ်ကို ကိုက်ခဲပြီးတော့ ကာရံထားတဲ့ ခြံကို ခုန်တာမျိုးဆိုပဲ။ အမှန်တော့ နွားကို သေအောင်ကိုက်ပြီးမှ ချီတာမဟုတ်ဘူး၊ ကျားရဲ့ ကိုက်ခဲခံထားရတဲ့ နာကျင်မှုကြောင့် ကျားခုန်တဲ့အတိုင်း နွားလည်း လိုက်ခုန်ရတာလို့ ပြောပြပါတယ်။ အဲဒါကို ကြောက်လန့်ပြီး ကင်းစောင့် တာဝန်ကျသူက မအော်ဟစ်မိတာကြောင့် လူတွင်ပါလို့ နွားကို ကျားဆွဲတာလို့ ဆိုလိုတာလို့ ရှင်းပြဖူးတာကို မှတ်သားဖူးပါရဲ့။
ဆိုတော့ ခုနက ပြောခဲ့တဲ့ အသံနက်ကြီးကို ကျားဟိန်းသံလို့ တပ်အပ်ပြောနိုင်တဲ့သူက အဲဒီလို ခရီးမျိုးကို သွားခဲ့ဖူးသူတွေသာ သိကြပါတယ်။ သူတို့တွေကပဲ ဒီအသံဆိုးကြီးဟာ ကျားဟိန်းသံပါလို့ အတည်ပြုလိုက်ကြတော့မှ ကျွန်းပေါ်မှာ ကျားဆိုးတစ်ကောင် ရောက်နေပြီမှန်း သိလိုက်ကြပါတော့တယ်။
တောကောင်တွေထဲမှာ ချေ(ဂျီ)တွေရဲ့ သဘာဝအရ ကြောက်လန့်ရင် အော် (ဟောက်) တယ်ဆိုပေမဲ့ ကျားတွေကတော့ ကြောက်ရင်မဟိန်းဘဲ အစာရေစာ ဝဝလင်လင် စားသောက်ပြီးရင် ဟိန်းတတ်တယ်လို့ သူတို့တွေရဲ့ စကားဝိုင်းကပဲ ကြားခဲ့ဖူးပါတယ်။
ဒါဆိုရင် ဒီကျားဆိုးကို ဘယ်လိုရှင်းမလဲလို့ ဆွေးနွေးတိုင်ပင်ကြတဲ့အခါ သူ့ကို ဖမ်းဆီးသတ်ဖြတ်မှသာလျင် ကျွဲနွားများကို ကာကွယ်နိုင်မယ်၊ မောင်းထုတ်ဖို့ဆိုတာကလည်း ပင်လယ်ကျွန်းဖြစ်နေတဲ့အတွက် အလွယ်တကူနဲ့ မဖြစ်နိုင်။ ပြီးတော့ အဲဒီကျားဟာ တဖြေးဖြေးနဲ့ အတင့်ရဲလာတာတွေ များလာတော့ ရွာသူရွာသားတွေကလည်း သွားသတိလာသတိနဲ့ စိုးတထိတ်ထိတ် ဖြစ်နေကြရတာလည်း ရင်လေးစရာ ဖြစ်လာနေပါတော့တယ်။
အဲဒီအချိန်အထိ ကျားဟာ ဘယ်အရွယ်အစား၊ ဘယ်လိုကျားအမျိုးစားလဲဆိုတာကို ဘယ်သူမလည်း မသိကြသေးပါဘူး။ ဒီလိုနဲ့ ကျားနှိမ်နှင်းရေး စီမံချက် ရေးဆွဲကြရလေပြီ။ ကျားတစ်ကောင်တည်းနဲ့ နွားတွေကို ထင်တိုင်းကြဲ သတ်ဖြတ်စားသောက်နေတာကိုလည်း ရွာသားတွေက စိတ်နာနေကြပြီ။
အဲဒီတုန်းက တောဝက်လိုက်တဲ့ ပိုက်ကွန်မျိုးလို ပလပ်စတစ် ရယ်ဒီမိတ် ပိုက်ကွန်တွေက မရှိသေးလေတော့ သစ်ပင်တွေက အခေါက်တွေကို ခွါပြီးတော့ လျှော်ထုတ် နေလှန်းပြီးတော့ ကျားကို ထောင်ဖမ်းမယ့် ပိုက်ကွန်တစ်ခုကို ရက်လုပ်ခဲ့ကြရတယ်လို့ ဘကြီးတစ်ဦးက ပြောပြပါတယ်။
ဘယ်လောက်ပဲ သတ္တိရှိတဲ့ သတ္တဝါဖြစ်ပါစေ၊ လူကိုတော့ ကြောက်လန့်ကြသည်က ဓမ္မတာပါ။ အဲဒီ သောင်းကျန်းနေတဲ့ ကျားဆိုးကလည်း လူကိုတော့ ကြောက်တတ်တာပါပဲ။ ဒီနေရာမှာ ပြောချင်တာက ရွာသားညီရင် ကျားကိုလည်း ဖမ်းလို့ရတယ်ဆိုတာပါပဲ။
ပြီးတော့မှ အဲဒီကျား ပုန်းအောင်နေနိုင်လောက်တဲ့ တောအုပ်တွေ တောင်တွေကို ရပ်ရွာအတွင်းက လူငယ်၊ လူရွယ်တွေက လှံတွေကိုယ်စီနဲ့ ညာသံပေးကာ လိုက်ထုတ်ကြတော့ တောစပ်နှစ်ခုကြားမှာ ထောင်ထားတဲ့ ပိုက်မှာတိုးချိန် အသင့်စောင့်နေတဲ့ ပိုက်စောင့် (ဒေသအခေါ် လက်လံစောင့်) က သံတူရွင်းနှင့် နှာရိုးကို ဆော်ထည့်လိုက်တာ အဲဒီမှာပဲ ပွဲချင်းပြီး သေသွားခဲ့ပါတော့တယ်။
ကျွန်တော်လည်း တိရိစ္ဆာန်ရုံတွေ ရုပ်ရှင်တွေနှင့် Discovery ချန်နယ်တွေမှာ ကျားတွေကို ကြည့်ဖူး မြင်ဖူးပါတယ်။ ကြားဖူးနားဝရှိသလောက် သီချင်းတွေထဲမှာလည်းပါသလို သူတို့ပြောတဲ့ စကားဝိုင်းထဲမှာ ခဏခဏ ပါနေတဲ့စကားက “ကိုးတောင်ကျား” ဆိုတဲ့ စကားကိုလည်း စိတ်ဝင်စားနေမိပါတော့တယ်။ ခန့်မှန်းကြည့်သလောက် လူကြီးတစ်ယောက်ရဲ့ လက်တောင် ကိုးတောင်ဆိုတော့ ၁၄ ပေ-၁၅ ပေ ဝန်းကျင် ရှိမှာပေါ့။
အဲဒါနဲ့ပဲ အဲဒီစကားဝိုင်းထဲက ဘကြီးကို မေးကြည့်လိုက်ပါတယ်။ “ဆယ့်နှစ်တောင်ကျားတို့ ကိုးတောင်ကျားတို့ဆိုတာ တော်တော်ကြီးမှာပဲနော်ဘကြီး၊ ကျနော်တို့အိမ်ရဲ့ မျက်နှာစာတောင်မှ ၁၂တောင်ပဲရှိတာ၊ အဲလောက်အကောင်ဆို လူကိုတောင် အကောင်လိုက် မျိုနိုင်မယ်ထင်တယ်”လို့လည်း ပြောလိုက်ရော အဲဒီဘကြီးက ဟက်ဟက်ပက်ပက်ရယ်ပြီးတော့ ပြန်ပြောပါတော့တယ်။
“အလကားပါကွာ… လူတွေက တင်စားပြီး ပြောနေကြတာ… တကယ်တော့ ကိုးတောင်ကျားဆိုတာ မုတ်ဆိပ်ဖျားကနေ အမြှီးဖျားအထိ တိုင်းတဲ့ အတိုင်းအထွာကို ခေါ်ကြတာ၊ အဲဒီအကောင် အမြှီးကိုသာ ဖြတ်ပြီး ပြန်တိုင်းကြည့် လေးတောင်ခွဲပဲ ရှိလိမ့်မယ်…. သိုးထိန်းတဲ့ ခွေးသာသာလေးပဲ ကြီးတာပါ”တဲ့။
ရမ္မာကျော်စော_ရေးသားသည်