လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသော ဗျိုင်းဖြူရွာဖြစ်စဉ် AA လက်စားချေမည် 

အပြစ်မဲ့အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သူများ အားလုံးကို ပြင်းထန်စွာ လက်စားချေတုံ့ပြန်သွားမည်ဟု  AA က သတိပေးလိုက်သည်။

By Admin 03 Jun 2024

မိသားစုဝင်များ သတ်ဖြတ်ခံရသဖြင့် ငိုကြွေးနေသော ဗျိုင်းဖြူရွာဒေသခံ အမျိုးသမီးများ။
မိသားစုဝင်များ သတ်ဖြတ်ခံရသဖြင့် ငိုကြွေးနေသော ဗျိုင်းဖြူရွာဒေသခံ အမျိုးသမီးများ။

DMG ၊ ဇွန် ၃ 

စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက် ဗျိုင်းဖြူရွာမှ အမျိုးသား၊ အမျိုးသမီး (၅၃) ဦးကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခဲ့ခြင်း၊ အဓမ္မပြုကျင့်ခြင်းများကို ကျူးလွန်ခဲ့ကြောင်း အာရက္ခတပ်တော်က  ဇွန်လ (၂)ရက်တွင် ထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှအင်အားများ၊ စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA)မှ တပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်အပါအဝင် အင်အား (၁၇၀) ကျော်သည် မေလ ၂၉ ရက်နေ့တွင် ဗျိုင်းဖြူရွာထဲဝင်ရောက်ပြီး ကလေး၊ လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးမကျန် တစ်ရွာလုံးကို ဖမ်းဆီးခဲ့သည်။ 

ယင်းနောက် လက်ပြန်ကြိုးတုပ်ပြီး နေပူလှန်းထားခြင်း၊ အစာရေစာမကျွေးဘဲထားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတို့ကို အဆင့်ဆင့် ရက်စက်စွာပြုလုပ်ခဲ့ပြီး အပြစ်မဲ့အရပ်သား ၅၃ ဦးကို သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ဖျက်ခြင်း၊ အမျိုးသမီးအချို့အား မုဒိမ်းကျင့်သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး AA က “ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှု ကျူးလွန်ရန် ညွှန်ကြားအမိန့်ပေးစေခိုင်သူများနှင့် ညွှန်ကြားချက်အား ဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်ခဲ့သူများအားလုံးကို ပြင်းထန်စွာ လက်စားချေတုံ့ပြန်သွားမည်” ဟု သတိပေးလိုက်သည်။ 

ဗျိုင်းဖြစ်ရွာဖြစ်ရပ်သည် အာရက္ခပြည်သူ တစ်ရပ်လုံးအတွက် သမိုင်းတွင် မည်သည့်အခါမျှ မမေ့နိုင်တော့သည့် ဖက်ဆစ်စစ်ကောင်စီ၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်အဖြစ် ကျန်ရစ်နေမည်ပြီး စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို ပြင်းထန်စွာ ရှုတ်ချကြောင်း AA က ဆိုသည်။

ဗျိုင်းဖြူရွာမှ အမျိုးသမီးတစ်ဦးက “တချို့ဆိုရင် မိဘဆီကို ဖုန်းခေါ်ပြီး ပြောခိုင်းတယ်။ အမေ၊ အမေခေါ်နေရင်းနဲ့ သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ ဗွီဒီယိုကြည့်နေရသလိုပါ။ ‘မင်းတို့ကို သတ်ချင်အားကြီးလို့ အဝေးကြီးကနေ လေယာဉ်စီးပြီးလာတာ’လို့ စစ်သားတွေက ပြောပါတယ် ” ဟု ပြောသည်။ 

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းတချို့ကို စစ်ကောင်စီက မီးရှို့ခဲ့ပြီး တချို့ရုပ်အလောင်းများကို ကားဖြင့်သယ်ယူသွားခဲ့သည်။ ယင်းအပြင် ဖမ်းဆီးထားသည့် အမျိုးသားတချို့ကိုလည်း စစ်တွေအခြေစိုက် ခလရ (၂၀) သို့ ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။ 

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်)က ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်စဉ်အပါအဝင် အကြမ်းဖက် စစ်ကောင်စီ၏ ရက္ခိုင်လူထုအပေါ် အမြတ်ထုတ်မှုများကို မျက်ခြေမပြတ် စောင့်ကြည့်ရန်လိုအပ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများအား ဖော်ထုတ်ရန်နှင့် တရားမျှတမှုဆောင်ရွက်နိုင်ရန် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲသွားမည်ဟု ဇွန် ၂ ရက်တွင် ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏  ဇွန် ၂ ရက် ထုတ်ပြန်ချက်တွင် “စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၃၀ ရက် နေ့က ဗျိုင်းဖြူကျေးရွာတွင် လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း” ဆိုသည်။

ယင်းဖြစ်စဉ်နောက်ပိုင်း စစ်တွေမြို့တွင် စစ်ကောင်စီကားများ လှည့်လည်သွားလာမှု ပုံမှန်ထက်ရှိနေသည်။ လက်ရှိတွင် ဗျိုင်းဖြူရွာကို စစ်ကောင်စီက အဝင်အထွက် ပိတ်ထားပြီး ရွာသားများကိုလည်း နှင်ထုတ်ထားသည်။ 

ရခိုင်ပြည်တွင် ၂၀၁၉ စစ်ရေးကာလကလည်း ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ဒေသခံ ၂၇၅ ဦးကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးစဉ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၇ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

(ဖြည့်စွက်ချက် - AA ၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ ဗျိုင်းဖြူရွာဖြစ်စဉ်အတွင်း သတ်ဖြတ်ခံရသူ (၇၆) ဦးထိရှိကြောင်း သိရသည်။)