AA နှင့် ပိုမိုထိတွေ့ ဆက်ဆံသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်ကို ICG အကြံပြု

လက်ရှိရှုပ်ထွေးနေသည့် အခြေအနေများ တည်ငြိမ်သွားသည့် တချိန်တွင် AA သည် ရခိုင်ဒေသကို အမှန်တကယ် အုပ်ချုပ်မည့် အာဏာပိုင်အဖွဲ့အစည်းအဖြစ် ထွက်ပေါ်လာရန် နီးစပ်နေပြီဖြစ်သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် AA နှင့် မည်သည့်ပုံစံဖြင့် ဆက်ဆံမည်ကို အဖြေရှာရန် လိုအပ်နေပြီဟု ICG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

By Admin 28 Aug 2024

မောင်တောမြို့တွင် ပိတ်မိနေသော မွတ်ဆလင်များအား AA က ကယ်ထုတ်လာသည်ကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
မောင်တောမြို့တွင် ပိတ်မိနေသော မွတ်ဆလင်များအား AA က ကယ်ထုတ်လာသည်ကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် မြန်မာ-ဘင်္ဂလာ နယ်စပ်တွင် နိုင်ငံသစ်ပေါ်ထွက်လာရန် တာစူနေသည့် အာရက္ခတပ်တော် (AA)နှင့် ပိုမိုထိတွေ့ဆက်ဆံသင့်ကြောင့် အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေး ပညာရှင်အဖွဲ့ (ICG) က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်၌ ဖော်ပြထားသည်။

AA သည် ရခိုင်ပြည် အလယ်ပိုင်းနှင့် မြောက်ပိုင်းနေရာ အများစုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး များမကြာမီတွင် မြန်မာစစ်တပ်ကို ရခိုင်ဒေသ တစ်ခုလုံးမှ မောင်းထုတ်နိုင်တော့မည်ဟု ယူဆရကြောင်း သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်သည့် ICG အစီရင်ခံစာ၌ ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ဘေးအန္တရာယ်များ၊ ဥပဒေရေးရာ အကန့်အသတ်များကို သတိထားရမည့် တစ်ချိန်တည်း၌ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် AA နှင့် ထိတွေ့ဆက်ဆံသင့်သည်ဟု ICG က အကြံပြုထားသည်။

နိုင်ငံတကာ အလှူရှင်များ အနေဖြင့်လည်း ရခိုင်ပြည်နယ်တဝန်းတွင် စာနာမှုအကူအညီများ ကျယ်ကျယ်ပြန့်ပြန့် ပေးအပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေသင့်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

မြန်မာစစ်တပ်သည် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်ရှိ ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အသည်းအသန် ကြိုးစားနေသည်။ စစ်ကောင်စီသည် မွတ်ဆလင်များကိုပါ တပ်သားသစ်အဖြစ် စုဆောင်းကာ AA ကို ခုခံတိုက်ခိုက်လျက်ရှိသည်။ 

သို့သော်လည်း လက်ရှိရှုပ်ထွေးနေသည့် အခြေအနေများ တည်ငြိမ်သွားသည့် တချိန်တွင် AA သည် ရခိုင်ဒေသကို အမှန်တကယ် အုပ်ချုပ်မည့် အာဏာပိုင်အဖွဲ့အစည်းအဖြစ် ထွက်ပေါ်လာရန် နီးစပ်နေပြီဖြစ်သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် AA နှင့် မည်သည့်ပုံစံဖြင့် ဆက်ဆံမည်ကို အဖြေရှာရန် လိုအပ်နေပြီဟု ICG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

AA အနေဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် နိုင်ငံတကာ အလှူရှင်များထံသို့ ဆက်သွယ်ပြီး စာနာမှုအကူအညီများ တောင်းခံသင့်သလို ဘင်္ဂလားဒေ့ရှ်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း AA နှင့် ပူးပေါင်း၍ စာနာမှုအကူအညီများ၊ လုံခြုံရေးဆိုင်ရာ ဘုံရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ကြံဆသင့်သည်ဟု ICG က အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် နယ်မြေရှင်းလင်းရေး စီမံချက်များကြောင့် မွတ်ဆလင် သိန်းပေါင်းများစွာသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်က လက်ခံထားသည့် မွတ်ဆလင်ဒုက္ခသည် အရေအတွက်သည် တစ်သန်းကျော် ရှိနေပြီဖြစ်သည်။

ဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာစစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်အကြား တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် AA အကြား တကျော့ပြန် ဖြစ်ပွားလာသည့် တိုက်ပွဲများနှင့်အတူ ဒုက္ခသည် ပြန်ပို့ရေး အစီအစဉ်များမှာ ရပ်တန့်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအနေဖြင့် AA အပေါ် မည်သို့ပင် သဘောထား ရှိစေကာမူ မိမိ၏ နယ်စပ်တံခါးဝတွင် လွတ်လပ်သောနိုင်ငံငယ်တစ်ခု ထူထောင်နိုင်သည်အထိ နိုင်ငံရေးရည်မှန်းချက် ရှိထားသည့် AA နှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုတိုးချဲ့သင့်ကြောင်း ICG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။