မြန်မာ့စစ်မြေပြင်၌ ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားများ စစ်ကောင်စီနှင့် လက်တွဲကာ ဘုံရန်သူကို ရင်ဆိုင်

By Admin 07 Sep 2024

မြန်မာစစ်တပ်ထံ စစ်မှုထမ်းနေသော စစ်သင်တန်းဆင်း မွတ်ဆလင်များ။
မြန်မာစစ်တပ်ထံ စစ်မှုထမ်းနေသော စစ်သင်တန်းဆင်း မွတ်ဆလင်များ။

မြန်မာစစ်တပ်သည် အဖိနှိပ်ခံ ရိုဟင်ဂျာမွတ်ဆလင်များအကြား လက်နက်ကိုင် ထကြွမှုကို ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ကာလရှည်ကြာ ရှုမြင်ခဲ့သည်။ သို့သော်လည်း အာရက္ခတပ်တော်က နယ်မြေသိမ်းပိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိလာချိန်တွင်မူ စစ်ကောင်စီနှင့် ရိုဟင်ဂျာ တိုက်ခိုက်ရေးသမား အချို့ကြားတွင် ဘုံရန်သူတစ်ရပ်ကို ရင်ဆိုင်လာရပြီ ဖြစ်လေသည်။ 

မြန်မာနိုင်ငံ အနောက်ဘက်တွင် အဓိကအင်အားကြီး လက်နက်ကိုင်တပ်ဖြစ်သည့် အေအေကို နှစ်ဖွဲ့လုံးက တိုက်ပွဲဝင်လာရချိန်၌ တချိန်ကဆိုလျှင် စိတ်တောင်ကူးမိမည် မဟုတ်သည့် အစီအစဉ်တစ်ရပ်အဖြစ် မိမိတို့ တိုက်ခိုက်ရေးသမားများသည် မြန်မာစစ်တပ်နှင့် အပြန်အလှန် မတိုက်ခိုက်ရေး “နားလည်မှုတစ်ရပ်” ရရှိထားသည်ဟု ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) က ပြောသည်။

 “စစ်ကောင်စီက ကျွန်တော်တို့ကို မတိုက်ဘူး။ ကျွန်တော်တို့လည်း သူတို့ကို မတိုက်ဘူး” ဟု RSO ၏ နိုင်ငံရေးမှူး ကိုကိုလင်းက ကြုံတောင့်ကြုံခဲ အင်တာဗျူးတစ်ရပ်၌ ရိုက်တာသတင်းဌာနကို ဖြေကြားသည်။

 “သူတို့ ကိုယ့်ကို မတိုက်တဲ့အချိန်မှာ ကျွန်တော်တို့က ပစ်မှတ်နှစ်ခုကို ဘာလို့ တပြိုင်တည်း ရင်ဆိုင်နေတော့မှာလဲ။ ဒါက အလိုလို နားလည်ပြီးသား ဖြစ်သွားတာပေါ့” ဟု သူကပြောသည်။

RSO နှင့် မြန်မာစစ်တပ်ကြားတွင် တရားဝင် သဘောတူညီချက် တစ်ရပ်တော့ မရှိဟု ကိုကိုလင်းက ဆိုသည်။ အေအေကို နှစ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်နေခြင်း မဟုတ်ဟု သူကပြောသည်။

 “ကျွန်တော်တို့ရဲ့လူတွေက ကိုယ့်ယူနီဖောင်းနဲ့ ကိုယ့်တံဆိပ်နဲ့ တိုက်နေတာ။ ကိုယ့်သေနတ်ပဲ ကိုယ်သုံးတယ်” ဟု သူက ပြောသည်။

ဤ “နားလည်မှု” သည် မည်မျှကြာကြာ တည်မြဲမည်ကိုတော့ ကိုကိုလင်းက မပြောပေ။ သို့သော်လည်း ယခုနှစ်အစောပိုင်းက စစ်ကောင်စီနှင့် RSO တို့ AA ကို တိုက်ခိုက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်သော မောင်တောမြို့ထဲသို့ RSO တိုက်ခိုက်ရေးသမားများ ဝင်ရောက် လှုပ်ရှားခဲ့သည်ဟု ပြောသည်။

မောင်တောမြို့တည်ရှိရာ ရခိုင်ပြည်နယ်ရှိ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကိုကိုလင်း၏ ပြောကြားချက်များကိုတော့ ရိုက်တာ သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

မြန်မာစစ်ကောင်စီထံမှ မှတ်ချက်ရရှိရန် တယ်လီဖုန်းနှင့် အီးမေးတို့ဖြင့် ဆက်သွယ်ခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ခြင်း မရှိပေ။

ဗုဒ္ဓဘာသာဝင်များ အဓိကပါဝင်သည့် အာရက္ခတပ်တော်သည် မြန်မာစစ်တပ်ကို တိုက်ခိုက်ရန်အတွက် စစ်ရေး မဟာမိတ်ဖွဲ့ရေး RSO ၏ ကြိုးပမ်းမှုများကို ခါးခါးသီးသီး ငြင်းပယ်ခဲ့ပြီး ရခိုင်မြောက်ပိုင်းရှိ ရိုဟင်ဂျာ အသိုင်းအဝိုင်းကို ပစ်မှတ်ထားလာသည့်အတွက် မိမိတို့အဖွဲ့အနေဖြင့် တော်လှန်ရန် လက်နက်ကိုင်ခဲ့ရသည်ဟု ကိုကိုလင်းက ပြောသည်။

 “သူတို့က ကျွန်တော်တို့နဲ့ စကားမပြောရအောင်၊ အတူတူ မထိုင်ရအောင် ရှောင်ချင်လို့ အချိန်ဆွဲနေတာ” ဟု သူကပြောသည်။
“ရိုဟင်ဂျာတွေကို မထိစေဖို့ အာရက္ခတပ်တော်ကို ကျွန်တော်တို့ ပန်ကြားခဲ့တယ်။ သူတို့ကို မကြာမကြာ သတိပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ပြောတာကို ဂရုမစိုက်ဘူး” ဟုလည်း သူကပြောသည်။

ရိုဟင်ဂျာများကို ပစ်မှတ်ထားခြင်းမရှိဟု ငြင်းဆိုထားသော အာရက္ခတပ်တော်ကမူ RSO ၏ ပြောကြားချက်များနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် မေးမြန်းမှုကို အကြောင်းပြန်ခြင်း မရှိပေ။

အာရက္ခတပ်တော်ကို ထောက်ခံကြသည့် ဗုဒ္ဓဘာသာ ရခိုင်အသိုင်းအဝိုင်းနှင့် ရိုဟင်ဂျာတို့အကြားတွင် တင်းမာမှုများ နက်ရှိုင်းစွာ တည်ရှိနေသည်။ ရိုဟင်ဂျာအချို့သည် AA ကို တိုက်ခိုက်ရန် အတွက် မြန်မာစစ်တပ်ထံတွင် အဓမ္မစစ်သားစုဆောင်းခံရသည်။ အေအေကလည်း RSO အပါအဝင် မွတ်ဆလင်လူနည်းစုထဲမှ အချို့အုပ်စုများသည် စစ်ကောင်စီနှင့် ပူးပေါင်းနေကြသည်ဟု စွပ်စွဲထားသည်။

အေအေသည် မေလအတွင်းက ဘူးသီးတောင်မြို့ရှိ နေရာအချို့ကို မီးရှို့ခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုအချိန် မတိုင်မီတည်းကလည်း မြန်မာနိုင်ငံအတွင်း၌ ရိုဟင်ဂျာများ အများဆုံးနေထိုင်ရာနေရာ ဖြစ်သည့် ဘူးသီးတောင်မြို့သည် မြန်မာစစ်တပ်က ဦးဆောင်သည့် မီးရှို့မှုများကြောင့် မီးလောင်ပြာကျနေခဲ့ပြီ ဖြစ်သည်။

ရိုဟင်ဂျာ တစ်သန်းကျော် နေထိုင်နေကြသည့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ဒေသရှိ ဒုက္ခသည်စခန်းများတွင် အာဏာလွှမ်းမိုးနိုင်ရေးအတွက် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ အများအပြားသည် အားပြိုင်နေကြသည်။ RSO သည်လည်း ၎င်းတို့ထဲမှ တစ်ဖွဲ့သာ ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့ပြီးနောက် ရိုဟင်ဂျာ သိန်းပေါင်းများစွာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ ကုလသမဂ္ဂက အဆိုပါဖြစ်ရပ်ကို “လူမျိုးစုရှင်းလင်းရေး သင်ပုန်းကြီးဖတ်စာ” တစ်ရပ်ဟု ရေးသားဖော်ပြခဲ့သည်။ 

မြန်မာစစ်တပ်ကမူ ၂၀၁၇ စစ်ဆင်ရေးသည် မွတ်ဆလင်လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် ပေါ်ထွက်လာရသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး တရားဝင်စီမံချက်တစ်ရပ်သာ ဖြစ်ကြောင်း ပြောကြားထားသည်။

မြန်မာစစ်ကောင်စီက အရပ်သားအစိုးရကို အာဏာသိမ်းဖြုတ်ချလိုက်သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြကန့်ကွက်မှုများ ပေါ်ထွက်လာခဲ့ကာ အဆိုပါ ဆန္ဒပြမှုများသည် လက်နက်ကိုင် တော်လှန်မှုများဆီသို့ အသွင်ပြောင်းသွားခဲ့သည်။ ရခိုင်မြေမှ လက်ရှိတိုက်ပွဲသည် အာဏာသိမ်းပြီး သုံးနှစ်အကြာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြသည့် ကျယ်ပြန့်သော ပုန်ကန်မှုတစ်ရပ်၏ တစိတ်တပိုင်းဖြစ်သည်။

RSO အဖွဲ့ကို ရိုဟင်ဂျာများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ရပ် ထူထောင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ၁၉၈၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ သို့သော်လည်း အဆိုပါအဖွဲ့သည် ပျောက်ကွယ်လုနီးပါး ဖြစ်သွားပြီဟု လေ့လာသူများက ယူဆခဲ့ကြသည်။

သို့သော်လည်း RSO ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက်တွင် အဖွဲ့သည် ၂၀၂၂ ခုနှစ်မှ စတင်၍ တပ်သား ၁၀၀၀ ခန့်မှသည် အားလုံးကို လက်နက်တပ်ဆင် ပေးနိုင်ခြင်း မရှိသော်လည်း ၅၀၀၀ နှင့် ၆၀၀၀ ကြားအထိ ရှိလာခဲ့ပြီဟု ကိုကိုလင်းက ပြောသည်။

RSO သည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများကို တပ်သားအဖြစ် အတင်းအကြပ် စုဆောင်းနေသည်ဟု လူ့အခွင့်အရေး အုပ်စုများက စွပ်စွဲထားသည်။ RSO ကမူ အဆိုပါစွပ်စွဲချက်ကို ငြင်းပယ်ထားသည်။

 “အာရက္ခတပ်တော်၏ လူသိရှင်ကြား ထုတ်ပြန်ချက်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများကြောင့် အေအေကို ဒုက္ခသည်အများအပြားက မနှစ်သက်ကြသော်လည်း RSO ၏ လူသစ်စုဆောင်းသည့် လုပ်ရပ်များကိုလည်း စခန်းများတွင် ယေဘုယျအားဖြင့် မလိုလားကြပေ” ဟု ဘရပ်ဆဲအခြေစိုက် အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေး သုခမိန်အဖွဲ့ ICG က သြဂုတ်လတွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်၌ ဖော်ပြထားသည်။ 

အေအေက မြန်မာစစ်တပ်ကို မောင်းထုတ်ရေးအတွက် မောင်တောဒေသတွင် တပ်ဖြန့်လာချိန်၌ RSO သည် ယခုနှစ်အစောပိုင်းတွင် ရိုဟင်ဂျာများကို အကာအကွယ်ပေးရန် ထိုဒေသသို့ တိုက်ခိုက်ရေးသမား ၁၀၀၀ ခန့် စေလွှတ်ခဲ့သည်ဟု ကိုကိုလင်းက ပြောသည်။ ထိုအချိန်မှစ၍ RSO နှင့် မြန်မာစစ်တပ်တို့သည် ဘုံရန်သူကို ရင်ဆိုင်ရသည့် အနေအထားသို့ ရောက်ရှိသွားခြင်းဟုလည်း သူကပြောသည်။

သို့သော်လည်း မောင်တော်မြို့တွင်းနှင့် မြို့ပတ်လည်၌ သုံးလခန့် လှုပ်ရှားခဲ့ပြီးနောက် အရပ်သားများ သေကြေခဲ့ရသည်အထိ တိုက်ခိုက်ခံရမှု တစ်ရပ်အပြီးတွင် RSO သည် သြဂုတ်လ အစောပိုင်း၌ ၎င်း၏ တိုက်ခိုက်ရေးသမားများကို ပြန်ရုပ်သိမ်းခဲ့သည်ဟု သူကပြောသည်။

မောင်တောဒေသနှင့် ကပ်လျက်တည်ရှိသည့် နတ်မြစ်ကမ်းခြေတွင် လက်နက်ကြီးများနှင့် ပစ်ခတ်ခံရမှု၊ ဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုများကြောင့် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် လူ ၁၈၀ ခန့် သေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ အာရက္ခတပ်တော်နှင့် မြန်မာစစ်တပ်တို့သည် အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
RSO သည် အဆိုပါဖြစ်ရပ်နှင့် မသက်ဆိုင်သော်လည်း နောက်ထပ် အရပ်သား ထိခိုက်သေဆုံးမှုများကို ရှောင်ရှားနိုင်ရေးအတွက် မောင်တောမှ တပ်ပြန်ရုပ်သိမ်းခဲ့သည်ဟု ကိုကိုလင်းက ပြောသည်။

“ကျွန်တော်တို့ ဗျူဟာပြောင်းနေတယ်” ဟု သူကပြောသော်လည်း အသေးစိတ်ကိုမူ ထုတ်ပြောခြင်း မရှိပေ။ “ကျွန်တော်တို့ ပြန်ဝင်ပြီး တိုက်ဦးမှာ” ဟု ကိုကိုလင်းက ဆိုသည်။

[ Reuters တွင် ဖော်ပြထားသည့် “On Myanmar's frontline, Rohingya fighters and junta face a common enemy” ကို တိုက်ရိုက်ဘာသာပြန်ပါသည်။ ဖော်ပြပါ အသုံးအနှုန်းများသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။]