ပြီးခဲ့သည့်လများအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်လာသည့် မွတ်ဆလင်ဒုက္ခသည် ၈,၀၀၀ ခန့်ရှိ

စက်တင်ဘာလ ၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေး အကြံပေး တိုဟစ်ဟူစိန်က သတင်းထောက်များကို ပြောကြားလိုက်ခြင်း ဖြစ်သည်။

By Admin 04 Sep 2024

စက်တင်ဘာလ ၃ ရက်နေ့က ဒါကာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေး အကြံပေး တိုဟစ်ဟူစိန်ကို တွေ့ရစဉ်။ ဓာတ်ပုံ - BSS
စက်တင်ဘာလ ၃ ရက်နေ့က ဒါကာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေး အကြံပေး တိုဟစ်ဟူစိန်ကို တွေ့ရစဉ်။ ဓာတ်ပုံ - BSS

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြီးခဲ့သည့်လများအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာသည့် မွတ်ဆလင်ဒုက္ခသည်စုစုပေါင်း ၈,၀၀၀ ဝန်းကျင်ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး တိုဟစ်ဟူစိန်က ပြောကြားလိုက်သည်။

စက်တင်ဘာလ ၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“လာမယ့်နှစ်ရက်သုံးရက်အတွင်း ကျွန်တော်တို့ အစိုးရရုံးအဖွဲ့မှာ (ဒီအကြောင်းကို) အထူးအလေးပေး ဆွေးနွေးကြမှာပါ” ဟုလည်း သူက ပြောသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်သည် ဒုက္ခသည်များ ထပ်မံ လက်မခံရေးကို မူအားဖြင့် ဆုံးဖြတ်ထားကြောင်း တိုဟစ်ဟူစိန်က ပြောသည်။ ထွက်ပြေးလာရသည့် ဒုက္ခသည်များကို ကိုယ်ချင်းစာသော်လည်း ဘင်္ဂလားဒေ့ရှ်အနေဖြင့် စာနာမှုအကူအညီများ ထပ်ပေးနိုင်သည့် အနေအထားတွင် မရှိတော့ကြောင်းလည်း သူက ပြောသည်။

နယ်စပ်ကို လုံးဝ ပိတ်ပစ်လိုက်ရန် မဖြစ်နိုင်သော်လည်း အစိုးရအနေဖြင့် မွတ်ဆလင်ဒုက္ခသည်များ ထပ်ဝင်မလာနိုင်အောင် ကြိုးပမ်းသွားမည်ဟု သူကပြောသည်။

ဒုက္ခသည် နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး မေးခွန်းများကို ဖြေကြားရာ၌ ဟူစိန်က ဘင်္ဂလားဒေ့ရှ်အနေဖြင့် လက်ရှိ ရခိုင်ဒေသတွင် နေရာအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်နှင့် ဆက်သွယ်ရေး လမ်းကြောင်းတစ်ရပ် ဖွင့်လှစ်ပြီး ဆောင်ရွက်ရန် လိုအပ်သည်ဟု ယူဆကြောင်း အကြံပြုပြောကြားသည်။ 

“ဒါဟာ ရှေ့ဆက်ရမယ့် လမ်းကြောင်းလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့လည်း ပြည်နယ်အဆင့်မှာ ဘယ်လောက်ထိ ဆောင်ရွက်နိုင်မလဲ ဆိုတာကို ဆန်းစစ်ရပါဦးမယ်” ဟု သူကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းများတွင် မွတ်ဆလင်ဒုက္ခသည် စုစုပေါင်း တစ်သန်းကျော်ရှိသည်။ ၎င်းတို့ကို နေရပ်ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာစစ်ကောင်စီတို့ အကြား ဆွေးနွေးမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်အထိ ဒုက္ခသည် တစ်ယောက်မျှ မပြန်နိုင်ကြသေးပေ။