ကြုံရာကျပန်း အလုပ်လုပ်ကိုင်နေကြသည့် ကျေးလက်ဒေသက ရခိုင်အမျိုးသမီးငယ်များ
ကျောက်တော်မြို့နယ် တင်းမ၊ ပြိုင်းတိုင်း၊ မာလာ၊ မြောက်တောင်၊ ရွှေပြည်၊ သာစည် စသည့် ကုလားတန်မြစ် တလျှောက်ကျေးရွာများရှိ တက္ကသိုလ်ကျောင်းသူများအပါအဝင် လူငယ်အမျိုးသမီးငယ်များမှာ တောထဲဝင်ကာ ဓညင်းသီးခူး၊ မျှစ်ချိုး၊ မျှစ်ရောင်း စသည့် အလုပ်များကို လုပ်ကိုင်နေကြရသည်။
16 Sep 2024
DMG ၊ စက်တင်ဘာ ၁၆
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်ရှိ ကျေးလက်ဒေသမှ အမျိုးသမီးငယ်များမှာ အလုပ်အကိုင်အခွင့်အလမ်း မရှိသဖြင့် လက်ရှိတွင် အိမ်မှုအလုပ်နှင့် အခြား ကြုံရာကျပန်းလုပ်ငန်းကိုသာ ပိုမိုလုပ်ကိုင်နေရကြောင်း ကာယကံရှင်များက ပြောသည်။
လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးလက်ဒေသမှ အမျိုးသမီးငယ်များမှာ အလုပ်အကိုင်ရှားပါးခြင်း၊ တခြားနည်းပညာအခွင့်အလမ်းလည်း မရှိသည့်အတွက် အိမ်မှုကိစ္စ (မီးဖိုချောင်လုပ်ငန်း)နှင့် ကြုံရာကျပန်းအလုပ်များတွင် ဝင်ရောက်လုပ်နေရခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ် တင်းမ၊ ပြိုင်းတိုင်း၊ မာလာ၊ မြောက်တောင်၊ ရွှေပြည်၊ သာစည် စသည့် ကုလားတန်မြစ် တလျှောက်ကျေးရွာများရှိ တက္ကသိုလ်ကျောင်းသူများအပါအဝင် လူငယ်အမျိုးသမီးငယ်များမှာ တောထဲဝင်ကာ ဓညင်းသီးခူး၊ မျှစ်ချိုး၊ မျှစ်ရောင်း စသည့် အလုပ်များကို လုပ်ကိုင်နေကြရသည်။
တင်းမကျေးရွာမှ ဓညင်းသီးရောင်းချသူ အသက် ၂၁ နှစ် အရွယ် မခိုင်နှင်းဝေက “အလုပ်လည်းမရှိတော့ ရတဲ့အလုပ်ကို လုပ်နေရတယ်။ တစ်ရက်မှာ ၅,၀၀၀ လောက် ဝင်ငွေရလိုရငြားပေါ့နော်။ သင်ယူလေ့လာစရာလည်းမရှိ လုပ်ရမယ့် အလုပ်လည်း မရှိဘူး။ ကြုံရာလုပ်ရတာပေါ့လေ” ဟု ပြောသည်။
ယင်းအပြင် ပြိုင်းတိုင်းကျေးရွာမှာ အမျိုးသမီးငယ် ၅၀ ဦးခန့်မှာလည်း နေ့စဉ် တောင်တက် မျှစ်ချိုးပြီး ဝင်ငွေရှာနေရကြောင်း ဆိုကြသည်။ လက်ရှိ မိုးရာသီမှာ မျှစ်ချိုးရောင်းလုပ်သည့် အလုပ်ကို လုပ်ကိုင်နေကြသော်လည်း ပွင့်လင်းရာသီတွင် လုပ်စရာအလုပ်မတော့ကြောင်း ဆိုသည်။
ပြိုင်းတိုင်းကျေးရွာမှ မလှဌေးဖြူက “အစတုန်းကတော့ ရှက်မိတယ်။ နောက်ပိုင်းတော့ ရှက်နေလို့ မရတော့ဘူး ဒီအလုပ်မလုပ်ရင် လုပ်စရာမရှိတော့ ဘူးလေ။ ဒီလိုလုပ်လာရမယ်လို့ တစ်ခါမှ မတွေးမိခဲ့ပေမယ့် အခု လုပ်လာရ တယ်။ အခုဆိုရင် ထမင်းချက်လိုက် မျှစ်ချိုးလိုက်ပေါ့နော်။ ဒါပေမယ့် ပွင့်လင်းရာသီဆိုရင် ကျမတို့ လူငယ်တွေ အ တွက်လုပ်စရာ ဘာမှမရှိတော့ဘူး” ဟု မလှဌေးဖြူက ပြောသည်။
အဆိုပါ အမျိုးသမီးငယ်များမှာ ယခင်က အပ်ချုပ်ပညာ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများမှ နည်းပညာ၊ ငွေကြေးထောက်ပံ့မှုရှိခဲ့သဖြင့် အဆင်ပြေခဲ့ကြောင်း ပြောကြသည်။
ထိုနည်းတူ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ရသေ့တောင်မြို့နယ်မှ လူငယ်အမျိုးသမီးများလည်း အလုပ်အကိုင် ရှားပါးသဖြင့် အိမ်မှုကိစ္စကိုသာ အဓိက လုပ်နေရသည်ဟု ပြောဆိုကြသည်။ ယခုကဲ့သို့ လူငယ်အမျိုးသမီးများ ကြုံရာ ကျပန်းလုပ်ကိုင် နေရသည့်အတွက် အနာဂတ်အိမ်မက်လည်း ပျောက်ဆုံးလာကြောင်း အမျိုးသမီးငယ်များက ဆိုသည်။
“ အနာဂတ်ဆိုတာ မရှိတော့ဘူး။ တိုက်ပွဲမဖြစ်ခင်က စစ်တွေမှာနေပြီး English Speaking သင်တန်းတက်နေတာ။ အခုက ဘာသင်တန်းမှလည်း မရှိတော့ဘူး။ ရွာမှာရှိတဲ့ လူတိုင်းကလည်း အိပ်လိုက်၊ စားလိုက် လုပ်စရာမရှိဘူး ” မြောက်ဦးမြို့နယ် ခွဆုံးကျေးရွာမှ မခိုင်နှင်းဝေက ပြောသည်။
မှတ်တမ်းများအရ ရခိုင်ပြည်သည် အဆင်းရဲဆုံး ဒေသတစ်ခုဖြစ်နေပြီး ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အဘက်ဘက်တွင် လူငယ်များအတွက် အခွင့်အလမ်းကောင်းများ ရှိမနေပေ။ ထို့ကြောင့် လူငယ်များမှာ ပြည်ပသို့ တရားမဝင်ခွာမှုအပြင်၊ အလုပ်လက်မဲ့များကာ လက်နက်ကိုင်လမ်းစဉ်ကို လိုက်ပါသွားသူများလည်း ရှိကြောင်း သိရသည်။
မြေပုံမြို့နယ်မှ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက “ဒီကာလမှာ ကျမတို့ အမျိုးသမီးငယ်တွေ တော်တော်လည်း လမ်းပျောက်ရပါတယ်။ လုပ်စရာ မရှိသုံးစရာ ပိုက်ဆံမရှိနဲ့ စိတ်ပိုင်းဆိုင်ရာတွေလည်း ပျက် စီးလာကြတယ်။ တချို့ဆိုရင် အဆုံးစီရင်ဖို့အထိ ဆုံးဖြတ်ကြတာလည်း ရှိတာပေါ့နော်။ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ မြင့်တင်ဖို့အတွက်လည်း တက်လာမဲ့အစိုးရကလည်း ကဏ္ဍတစ်ခုလို ထည့်သွင်းစဉ်းစားဖို့တော့ လိုပါတယ်” ဟု ပြောသည်။
စစ်ရေးပဋိပက္ခဖြစ်ပွားရာ ရခိုင်ဒေသမှ လူငယ်များ၊ ကျေးလက်ဒေသနှင့် ဝေးလံခေါင်ဖျားသည့် ဒေသမှ အမျိုးသမီးငယ်များမှာ နည်းပညာ၊ လုပ်ငန်းပိုင်းဆိုင်ရာ စသည့် ကဏ္ဍအသီးသီး၌ များစွာဆုံးရှုံးနေရသည်။
ရခိုင်ပြည်အတွင်းမှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲကြောင့် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကို တင်းကြပ်စွာ ကန့်သတ်ထားသည့်အတွက် ပြည်တွင်းမှာ စားနပ်ရိက္ခာ၊ အခြေခံလူသုံးကုန်ပစ္စည်းအားလုံး ဈေးနှုန်းအဆမတန် မြင့်တက်နေသည့်အတွက် ဒေသခံများမှာ အခက်ကြုံနေရသည်။