ထိုင်းရောက် တရားမဝင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်

ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် နိုင်ငံခြားသားများအနေဖြင့် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ပြီး ခွင့်ပြုချက်ရရှိပါက (၁) နှစ် နေထိုင်ကာ အလုပ်လုပ်ကိုင်နိုင်ကြောင်း မြန်မာသံရုံး (ဘန်ကောက်) က ထုတ်ပြန်သည်။

By Admin 25 Oct 2024

ထိုင်းရောက်မြန်မာလုပ်သားများကို ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ထိုင်းရောက်မြန်မာလုပ်သားများကို ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ အောက်တိုဘာ ၂၅

ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် နိုင်ငံခြားသားများအနေဖြင့် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ပြီး ခွင့်ပြုချက်ရရှိပါက (၁) နှစ် နေထိုင်ကာ အလုပ်လုပ်ကိုင်နိုင်ကြောင်း မြန်မာသံရုံး (ဘန်ကောက်) က ထုတ်ပြန်သည်။

ထိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားအလုပ်သမားများနှင့် ပတ်သက်၍ ထိုင်းအစိုးရအဖွဲ့၏ စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော အတည်ပြုဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အောက်တိုဘာ (၂၃) ရက်တွင် အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

အတည်ပြုဆုံးဖြတ်ချက်တွင် နိုင်ငံခြားသားအလုပ်သမားများ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ရရှိပြီး သက်တမ်းကုန်သွားသူများ တရားဝင်ရောက်ရှိနေသော်လည်း အလုပ်လုပ်ခွင့်မရသူများမှာ ထိုင်းနိုင်ငံတွင် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း ပါရှိသည်။

ယင်းအပြင် MOU လုပ်သားများနှင့် သက်သေခံလက်မှတ် CI (Certificate of Identity) ကိုင်ဆောင်ထားသူများမှာလည်း အနည်းဆုံး လက်ကျန်သက်တမ်း (၂) နှစ်လျှင် သက်တမ်းတိုးနိုင်ရန် ခွင့်ပြုထားသည်။

"တကယ်တော့ အခုဟာက အခွင့်အရေးပေးတယ်လို့ မြင်ရပေမယ့် အလုပ်သမားတွေဆီက ငွေညှစ်တာလို့ပဲ မြင်တယ်။ အရင်တုန်းကလည်း တရားမဝင်လာတယ်။ အလုပ်ရှင်တွေက တရားဝင်အောင် လုပ်ပေးတယ်။ အဆင်ပြေနေတာပဲ။ အခုက အထောက်အထားသက်တမ်း ၂ နှစ်ဆိုရင် ထပ်တိုးရတော့မယ်" ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ ကိုလေနိုင်က ပြောသည်။

MOU လုပ်သားများအပြင် CI စာအုပ် ကိုင်ဆောင်သူများမှာ ယခင်က အနည်းဆုံး သက်တမ်း ၆ လကျန်လျှင် သက်တမ်းတိုးနိုင်ပြီး ယခုထုတ်ပြန်ချက်တွင် အနည်းဆုံး ၂ နှစ်ကျန်မှသာ သက်တမ်းတိုးနိုင်မည်ဖြစ်သည်။

သက်တမ်းတစ်ကြိမ်တိုးလျှင် ထိုင်းငွေ ၁၀,၀၀၀ ဘတ် (မြန်မာငွေ ဆယ့်သုံးသိန်းကျော်)အထိ ကုန်ကျနိုင်သဖြင့် အလုပ်သမားများအတွက် အကုန်အကျများမည်ဟု ပြောဆိုကြသည်။

ယင်းအပြင် စစ်ကောင်စီအနေဖြင့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများထံမှ လစာ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီပိုင် ဘဏ်များမှ လွှဲရန် ဖိအားပေးနိုင်ရန်နှင့် စစ်ကောင်စီ ဆန့်ကျင်သူများကို အရေးယူနိုင်ရန် ဆန္ဒလည်းပါဝင်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများက သုံးသပ်ကြသည်။

" သူတို့ရဲ့ ၂၅ ရာခိုင်နှုန်း ပေါ်လစီက အလုပ်မဖြစ်တော့ တစ်နည်းနည်းနဲ့ သူတို့ဆီ ရောက်လာအောင် လုပ်တာလည်း ဖြစ်မှာပေါ့။ နောက်တစ်ခုက သူတို့ကို ထိုင်းမှာနေပြီး ဆန့်ကျင်တဲ့သူတွေကို ဖိအားပေးရာလည်း ရောက်တယ်လေ" ဟု အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းတို့ဖြင့် အရေးယူဆောင်ရွက်မည်ဟု ပြီးခဲ့သည့် စက်တင်ဘာလတွင် စစ်ကောင်စီက ကြေညာထားခြင်းဖြစ်သည်။

ယင်းအပြင် မြန်မာသံရုံး (ဘန်ကောက်)၏ ထုတ်ပြန်ချက်တွင် ထပ်မံဖြည့်စွက်သော စီမံချက်အနေဖြင့် အလုပ်ဟောင်းမှ ထွက်ပြီး အလုပ်ရှင်သစ်ရှာဖွေနိုင်သည့် အချိန်ကာလကိုလည်း ယခင်က ရက်ပေါင်း (၃၀) မှ ရက်ပေါင်း (၆၀) တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီး အလွယ်တကူ အလုပ်ပြောင်းခွင့်ကိုလည်း ခွင့်ပြုပေးထားသည်။

" အခု ပြောင်းလဲလိုက်တဲ့ အချက်တွေမှာ ဒီတစ်ချက်ပဲ ကောင်းတယ်။ အရင်တုန်းက အလုပ်မရှိရင် တစ်လပဲ နေခွင့်ရပေမယ့် အခုက နှစ်လရပြီဆိုတော့ အလုပ်သစ်ရှာဖို့ အချိန်ပိုရသွားတယ်။ အလုပ်သမားတွေအတွက် အဆင်ပြေသွားတာပေါ့" ဟု ထိုင်းရောက် ရခိုင်အလုပ်သမားတစ်ဦးဖြစ်သူ ဒေါ်သန်းဌေးက ပြောသည်။

အလုပ်ရှင်အသစ် ထပ်တိုးခြင်း (သို့မဟုတ်) အလုပ်ရှင်အသစ်ပြောင်းခြင်းကိုသာ ဖြည့်စွက်ရန်နှင့် အလုပ်ခန့်ထားမှုဆိုင်ရာ အချက်အလက်များကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြခြင်းကိုလည်း ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန် MOU နည်း၊ အသိအမှတ်ပြု CI စာအုပ်နှင့် အလုပ်လုပ်ကိုင်နိုင်ရန် (Pink Card) ပြုလုပ်၍လည်း လုပ်ကိုင်နိုင်ကြောင်း ထိုင်းရောက်အလုပ်သမားများထံမှ သိရသည်။

နိုင်ငံကူးလက်မှတ်အသစ်များ လဲလှယ်ခြင်းကို မြန်မာသံရုံး (ဘန်ကောက်)နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)တို့၌ ဆောင်ရွက်ပေးလျက်ရှိပြီး CI စာအုပ်အသစ်လဲလှယ်နိုင်ရေး စခန်းဖွင့်လှစ်ဆောင်ရွက်နိုင်ရန် ထိုင်း-မြန်မာနှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။