ဒုက္ခသည် ဝင်ရောက်မှု တားဆီးရေး ဘင်္ဂလားဒေ့ရှ်က နယ်စပ်လုံခြုံရေး တင်းကျပ်

ကူညီပေးနိုင်သည့်အရင်းအမြစ် နည်းပါးနေပြီဖြစ်သဖြင့် ဒုက္ခသည်များ နောက်ထပ် လက်မခံနိုင်တော့ကြောင်း နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ် ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ထပ်တလဲလဲ ပြောကြားထားသည်။

By Admin 12 Sep 2024

နတ်မြစ်အနီးတွင် လုံခြုံရေးစောင့်ကြပ်နေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Promtho Alo
နတ်မြစ်အနီးတွင် လုံခြုံရေးစောင့်ကြပ်နေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Promtho Alo

ပြီးခဲ့သောလများအတွင်း မြန်မာဘက်မှ ဝင်ရောက်လာသည့် ဒုက္ခသည် ၁၈,၀၀၀ ထက်မနည်း ရှိခဲ့သည့်အတွက် နယ်စပ်လုံခြုံရေးကို သတိဝီရိယဖြင့် အရှိန်မြှင့် ဆောင်ရွက်နေကြောင်း အစိုးရအရာရှိများ၏ ပြောကြားချက်များကို ကိုးကားပြီး ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်ထဲသို့ ဝင်ပြေးလာကြသည့် မွတ်ဆလင် ဒုက္ခသည်အရေအတွက်သည် ထောင်ပေါင်းများစွာ ရှိနေပြီဖြစ်သလို နောက်ထပ် အများအပြားလည်း နယ်စပ်တွင် စောင့်ဆိုင်းနေကြပြီး အရေးပေါ် အခြေအနေ ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။

အမည်မဖော်လိုသည့် နောက်ထပ်အရာရှိတစ်ဦးကလည်း “နယ်စပ်မှာတော့ အထူးသတိဝီရိယနဲ့ စောင့်ကြပ်နေပါတယ်။ ဒါပေမဲ့ ၂၇၁ ကီလိုမီတာ (၁၆၈ မိုင်) ရှည်လျားတဲ့  မြန်မာနယ်စပ်တလျှောက်ကို စီမံခန့်ခွဲရတာက စိန်ခေါ်မှုတွေ သိပ်များပါတယ်။ အထူးသဖြင့် တဘက်နိုင်ငံဘက်ခြမ်းမှာ လုံခြုံရေးအဖွဲ့ မရှိတဲ့ အခြေအနေမျိုးမှာ ဖြစ်ပါတယ်” ဟု ပရိုသော်မ်အာလို သတင်းဌာနသို့ ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ယခုလက်ရှိ၌ မွတ်ဆလင်ဒုက္ခသည် တစ်သန်းကျော် နေထိုင်နေကြသည်။ အသစ်ရောက်လာသော ဒုက္ခသည်များသည်လည်း အဆိုပါ စခန်းများအတွင်း၌ ဝင်ရောက် နေထိုင်ကြခြင်း ဖြစ်သည်။

စခန်းများထဲသို့ အသစ်ဝင်ရောက် နေထိုင်နေကြသည့် ဒုက္ခသည်များအား  တရားဝင်စာရင်း သွင်း၊မသွင်းကို အစိုးရအနေဖြင့် မဆုံးဖြတ်ရသေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

“သူတို့ကို လက်ခံစာရင်းသွင်းဖို့ ဆုံးဖြတ်လိုက်ရင် ဒလဟောဝင်လာဖို့ ဖွင့်ပေးလိုက်သလို ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ အဲဒီလောက်ထိ မနိုင်ဘူး” ဟု သူကပြောသည်။

“တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ဒါကို ဘယ်လောက်ကြာကြာ မျက်ကွယ်ပြုနိုင်မှာလဲ ဆိုတာကလည်း တကယ့်မေးခွန်းတစ်ရပ် ဖြစ်နေတယ်” ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ပြီးခဲ့သောလများအတွင်း အာရက္ခတပ်တော် အေအေနှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများ အလွန်ပြင်းထန်လျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ပြေးလာကြသည့် ဒုက္ခသည် အရေအတွက်သည်လည်း အစိုးရက နဂိုခန့်မှန်းထားသည့် ပမာဏထက် နှစ်ဆထက်မက ပိုများနေသည်။

မိမိတို့တွင် ကူညီပေးနိုင်သည့်အရင်းအမြစ် နည်းပါးနေပြီဖြစ်သဖြင့် ဒုက္ခသည်များ နောက်ထပ် လက်မခံနိုင်တော့ကြောင်း နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ် ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ထပ်တလဲလဲ ပြောကြားထားသည်။