နို့စို့ကလေးအပါဝင် စစ်တွေဒေသခံ ၅၀ ထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီး

နေ့လယ် ၂ နာရီကျော်အချိန် အိုးတန်း၊ မိဇံ၊ ရွှေပြားရပ်ကွက်ရှိ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်ဆေးမည့် အကြောင်းပြချက်ဖြင့် ဝင်ရောက်ပြီးနောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

By Admin 14 Sep 2024

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က စစ်တွေမြို့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ 
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က စစ်တွေမြို့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ 

DMG ၊ စက်တင်ဘာ ၁၄

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃)က နို့စို့အရွယ် ကလေးငယ်၊ အမျိုးသမီးများ အပါအဝင် ဒေသခံ ၅၀ ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
 
နေ့လယ် ၂ နာရီကျော်အချိန် အိုးတန်း၊ မိဇံ၊ ရွှေပြားရပ်ကွက်ရှိ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်ဆေးမည့် အကြောင်းပြချက်ဖြင့် ဝင်ရောက်ပြီးနောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
 
စစ်တွေ မြို့ခံတစ်ဦးက “ရဲကားတွေနဲ့ လိုက်ဖမ်းတာ။ ကားသုံးစီးနဲ့ လူတွေကို ဖမ်းခေါ်ခဲ့ပြီး ရဲစခန်းထဲမှာ ထားတယ်။ နောက်ထပ် ကားအများကြီးထွက်သွားပြီး လူတွေကို ဖမ်းခေါ်လာခဲ့တယ်။ အဲဒီအထဲမှာ နို့စို့ကလေးတွေ၊ အမျိုးသမီး၊ အမျိုးသားတွေလည်း ပါတယ်” ဟု DMG သို့ ပြောသည်။ 

ကနဦးတွင် ဒေသခံ ၇၀ ထက်မနည်းကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး အချို့ကို ယနေ့ လွှတ်ပေးလိုက်ကြောင်း သိရသည်။

နောက်ထပ်မြို့ခံ အမျိုးသမီးတစ်ဦးက “အဲဒီဝန်းကျင်မှာ နယ်ဘက်ကို ကုန်ပစ္စည်းတွေ ချဖို့လုပ်နေတာကို လာဖမ်းတာလို့ ပြောကြတယ်။ စက်ဘီးနဲ့သွားနေတဲ့ အဘိုးတစ်ယောက်ကိုလည်း ဖမ်းသွားသေးတယ်။ အိမ်ပြင်မှာ ထွက်ထိုင်နေတဲ့လူတွေ အကုန်လုံးကို ဖမ်းသွားတာ” ဟု ပြောသည်။ 

ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်မှာ စစ်တွေဆေးရုံကြီးအနီး၊ အမှတ် (၁) ရဲစခန်း၊ လမ်းမကြီးတလျှောက် လုံခြုံရေးချထားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထားသည့် ဒေသခံများအား စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ ဖမ်းဆီးခံရသူများ၏ အမည်နှင့် အခြားအချက်လက်များကို DMG က စုံစမ်းနေဆဲဖြစ်သည်။ 

ဖမ်းဆီးမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေပေ။ 

ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ရခိုင်တပြည်လုံးကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်ထားသဖြင့် မြို့နယ်အများအပြားတွင် ကုန်ပစ္စည်းပြတ်လပ်နေသည်။ စစ်တွေမြို့ရှိ သိုလှောင်ကုန်များကို ရရာနည်းလမ်းဖြင့် သယ်ယူနေသည့် ဒေသခံများကိုလည်း စစ်ကောင်စီက ဖမ်းဆီးလျက်ရှိသည်။ 

စစ်တွေမြို့ခံ အမျိုးသမီးနောက်တစ်ဦးက “လူတွေကို အကြောင်းမရှိအကြောင်းရှာပြီး ပတ်ဖမ်းနေတယ်။ အိမ်မှာနေရတာ မလုံခြုံတော့ဘူး။ လုံခြုံတဲ့နေရာသို့ သွားဖို့ကလည်း လမ်းတွေပိတ်ထားတယ်။ လေယာဉ်နဲ့သွားဖို့က တစ်မိသားစုလုံးအတွက် ငွေကြေးမတတ်နိုင်ဘူး” ဟု ပြောသည်။ 

စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ပြီး ဒေသခံများကို သံသယထား ဖမ်းဆီးခြင်း၊ မြို့ပေါ်တွင်လည်း ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုများ နေ့စဉ်ရှိနေသည်။ ဖမ်းဆီးခံရသူများကို ငွေကျပ် ၁၀ သိန်းမှ သိန်း ၃၀ အထိ ပေးကာ ရွေးထုတ်နေရပြီး ပြန်လွတ်လာသူများလည်း ရှိနေသည်။ 

စစ်ကောင်စီသည် မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ နှစ်လတာအတွင်း စစ်တွေဒေသခံ ၇၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ၃၀၀ ခန့်ကို ပြန်လွှတ်ပေးခဲ့သည်။ ကျန် ၄၀၀ ခန့်ကို ပုဒ်မအမျိုးမျိုးဖြင့် အမှုဖွင့် အရေးယူထားသည်။