ဆွီဒင်ရောက် ရွှေ့ပြောင်းများ ကိုယ့်နိုင်ငံ ပြန်မည်ဆိုလျှင် ဒေါ်လာ ၃၄,၀၀၀ ထောက်ပံ့မည်

နိုင်ငံတွင်းရောက်ရှိနေကြသည့် ရွှေ့ပြောင်းများ နေရပ်ပြန်ရေးအတွက် မက်လုံးပေးသည့်အနေဖြင့် ထောက်ပံ့ကြေးရရှိရန် လျှောက်ထားရာတွင် လိုအပ်သည့် စည်းကမ်းများကိုလည်း အစိုးရက လျှော့ချလိုက်သည်။

By Admin 14 Sep 2024

ဓာတ်ပုံ - CNN
ဓာတ်ပုံ - CNN

ရွှေ့ပြောင်းများကို လက်ကမ်းကြိုသည်ဟု လူသိများသည့် ဆွီဒင်နိုင်ငံက ၎င်းတို့နိုင်ငံအတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းအခြေချသူများ ကိုယ့်နေရပ်ကိုယ်ပြန်ရန် သဘောတူလျှင် အမေရိကန်ဒေါ်လာ ၃၄,၀၀၀ ကျော် ထောက်ပံ့မည်ဟု ပြောကြားကြောင်း နယူးယောက်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံမှ ပြန်ထွက်မည့်သူများအား ဆွီဒင်အစိုးရက ယခင်က အရွယ်ရောက်သူ တစ်ဦးလျှင် ဆွီဒင်ခရိုနာငွေ ၁၀,၀၀၀ (ကန်ဒေါ်လာ ၉၇၈ ဒေါ်လာခန့်) စီ ထောက်ပံ့ခဲ့သည်။ ယခုအခါ ထိုပမာဏကို ၃၅ ဆအထိ တိုးမြှင့်ပြီး ခရိုနာ သုံးသိန်းခွဲ (ကန်ဒေါ်လာ ၃၄,၀၀၀ ခန့်) အထိ ထောက်ပံ့မည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတွင်းရောက်ရှိနေကြသည့် ရွှေ့ပြောင်းများ နေရပ်ပြန်ရေးအတွက် မက်လုံးပေးသည့်အနေဖြင့် ထောက်ပံ့ကြေးရရှိရန် လျှောက်ထားရာတွင် လိုအပ်သည့် စည်းကမ်းများကိုလည်း အစိုးရက လျှော့ချလိုက်သည်။

ယခုကဲ့သို့ ထောက်ပံ့ငွေတိုးမြှင့်သည့် ဥပဒေသည် လာမည့် ၂၀၂၆ ခုနှစ်တွင် စတင်အသက်ဝင်မည်ဟု အစိုးရက စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဥရောပနိုင်ငံများတွင် လက်ယာယိမ်း အများကြိုက်ပါတီများ ရေပန်းစားလာနေသလို ရွှေ့ပြောင်းအခြေချ နေထိုင်သူများ ဝင်ရောက်မှုကိုလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာနေကြသည်။ 

ဆွီဒင်သည် ယခင်တည်းက စစ်မက်ဖြစ်ပွားနေသည့် နိုင်ငံများ၊ ပဋိပက္ခ ဖြစ်ပွားနေသည့် နိုင်ငံများမှ ဝင်ရောက်လာသည့် ဒုက္ခသည်များကို လက်ခံရာတွင် အထူးထင်ရှားသည့် နိုင်ငံဖြစ်သဖြင့် ယခုကဲ့သို့ ဥပဒေသစ်သည် အစိုးရအတွက် ကြီးမားသည့် မူဝါဒ အပြောင်းအလဲလည်း ဖြစ်သည်။

လူဦးရေ ၁၀.၆ သန်းရှိသည့် ဆွီဒင်တွင် ၂၀၂၃ နှစ်လယ်ပိုင်းက စာရင်းများအရ ဒုက္ခသည် နှစ်သိန်းခွဲခန့် ရှိသည်။ 

ဆွီဒင်အစိုးရ၏ ထောက်ပံ့မှုဖြင့် ဖွဲ့စည်းထားသည့် သုတေသနအဖွဲ့ တစ်ခုက ပြီးခဲ့သည့် လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစ်စောင်၌ အဆိုပါ ရွှေ့ပြောင်းများကို “ဆွီဒင်နိုင်ငံက မကြိုဆိုကြောင်း၊ ၎င်းတို့ထဲမှ အချို့ကို နှင်ထုတ်ရန်အတွက် ဆွီဒင်အနေဖြင့် ငွေကြေးအမြောက်အများ ကုန်ကျမည်ကိုပင် ဝန်မလေးကြောင်း ယခုမူဝါဒက အချက်ပြလျက်ရှိသည်” ဟု ဖော်ပြထားသည်။