အကြမ်းဖက်မှုများ အဆုံးသတ်ပေးဖို့ စစ်ကောင်စီကို အမေရိကန် တောင်းဆို

“ပြည်သူတွေအတွက် ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရရှိတာဟာ ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကို တိုးတက်အောင်ဆောင်ရွက်ဖို့အတွက် လူ့လောကရဲ့ အဓွန့်ရှည် အတည်တံ့ဆုံးနည်းလမ်းဖြစ်တယ်” ဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။

By Admin 16 Sep 2024

အကြမ်းဖက်မှုများ အဆုံးသတ်ပေးဖို့ စစ်ကောင်စီကို အမေရိကန် တောင်းဆို

DMG ၊ စက်တင်ဘာ ၁၆ 

စစ်ရေးအရ ရှုံးနိမ့်နေသော စစ်ကောင်စီသည် နိုင်ငံတဝန်းတွင် အကြမ်းဖက်မှုများ၊ မတရားဖမ်းဆီးမှုများလုပ်နေပြီး ထိုအကြမ်းဖက်မှုများကို အဆုံးသတ်ပေးဖို အမေရိကန်သံရုံးက စက်တင်ဘာ ၁၅ ရက်နေ့တွင် ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

ထို့အတူ ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေသော ပြည်သူများ၏ဆန္ဒကို လေးစားတန်ဖိုးထားရန်၊ ဒီမိုကရေစီလိုလားသည့် ပြည်သူများနှင့်အတူရပ်တည်ရန် အပြည်အပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြည်သူတွေအတွက် ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရရှိတာဟာ ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကို တိုးတက်အောင်ဆောင်ရွက်ဖို့အတွက် လူ့လောကရဲ့ အဓွန့်ရှည် အတည်တံ့ဆုံးနည်းလမ်းဖြစ်တယ်” ဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။

လက်ရှိတွင် စစ်ကောင်စီ၏ အရပ်ဘက်၊ စစ်ဘက်မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်းတွင် အရပ်သား ထိခိုက်သေဆုံးမှုမှာလည်း တစ်နေ့တစ်ခြား မြင့်တက်နေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP စာရင်းများအရ စစ်အာဏာသိမ်းချိန်မှ ယခုနှစ် စက်တင်ဘာ ၁၃ ရက်ထိ စစ်ကောင်စီနှင့်အပေါင်းအပါများကြောင့် ဒီမိုကရေစီလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၅,၆၅၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

အာဏာသိမ်းမှုဖြစ်စဉ်နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၇,၃၇၁ ဦးရှိပြီး ယင်းအထဲမှ ၂၀,၈၈၃ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး၊ ၉,၃၉၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP က ဆိုသည်။

နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက “အရင်ကဆိုရင်လည်း အရပ်ဖက်အဖွဲ့အစည်း အခြားသော အဖွဲ့အစည်းတွေက  စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုခဲ့တာတွေရှိတယ်။ ဒါတွေကြောင့်လည်းပဲ အခုလိုမျိုး အမေရိကန်သံရုံးကနေ တောင်းဆိုလာတာဖြစ်တယ်။ လက်ရှိမြေပြင်မှာ ထိရောက်မှု မရှိသေးပေမယ့် နောက်ဆက်ပြီး ကျူးလွန်လာရင်တော့ action တစ်ခုခုတော့ ဖြစ်လာနိုင်တယ်။ ဥပမာ အရေးယူပိတ်ဆို့မှုလား၊ အခြားတစ်ဖက်ကို တစ်ခုခုထောက်ပံ့မှုလား။ မဟုတ်ဘဲ တစ်စုံတရာ နိုင်ငံရေးအရ ဖိအားပေးမှုတွေလည်း လုပ်ဆောင်လာနိုင်တယ်” ဟု ပြောသည်။

စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် ၁၀ လအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ၊ မြေမြှုပ်မိုင်း တို့ကြောင့် အရပ်သားသေဆုံးသူ ၄၉၄ ဦးနှင့် ဒဏ်ရာရရှိသူ ၈၈၆ ဦး စုစုပေါင်း ၁,၃၈၀ ဦးရှိကြောင်း DMG စာရင်းအရ သိရသည်။ 

ရခိုင်အရပ်ဖက်အဖွဲ့အစည်းမှ အမျိုးသမီးတစ်ဦးက “စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာကြောင့် သေဆုံးမှုတွေ များလာတယ်။ စစ်ရှောင်ရတဲ့သူတွေမှာလည်း ရက်တာရှည်လာတာနဲ့အမျှ ပိုပြီးတော့ အခက်အခဲ ဖြစ်လာတယ်။ ဒီလိုမျိုး ဒုက္ခမျိုးစုံကြုံတွေ့နေရကို AA အနေနဲ့ နိုင်ငံတကာအကူအညီတွေ ဝင်ရောက်လာနိုင်အောင်၊ လေကြောင်းရန်က အကာအကွယ်ပေးနိုင်အောင် လုပ်ဆောင်သင့်တယ် ” ဟု ပြောသည်။

စစ်ကောင်စီ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော မှတ်တမ်းများကို အိမ်နီးချင်းနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့ထံသို့ ပေးပို့သွားမည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။