ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက မွတ်ဆလင်လူငယ်များကို စစ်ကောင်စီထံ စစ်သားအဖြစ်ရောင်းစား

မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ “ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)” သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းမှ လူငယ်များကိုဖမ်းဆီးပြီး မြန်မာစစ်ကောင်စီထံ စစ်သားအဖြစ် ရောင်းချနေသည်။

By Admin 23 May 2024

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက မွတ်ဆလင်လူငယ်များကို စစ်ကောင်စီထံ စစ်သားအဖြစ်ရောင်းစား

DMG ၊ မေ ၂၃

မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ “ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)” သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းမှ လူငယ်များကိုဖမ်းဆီးပြီး မြန်မာစစ်ကောင်စီထံ စစ်သားအဖြစ် ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။

မေလ ၂၁ ရက်က RSO အဖွဲ့သည် ကုတူပါလောင်ဒုက္ခသည်စခန်းမှ လူငယ် ၃၀ ကျော်ကို ဖမ်းဆီးပြီး စစ်ကောင်စီထံ ရောင်းချရန်ကြိုးစားခဲ့ကြောင်း မွတ်ဆလင်ဒုက္ခသည်များထံမှ သိရသည်။

“RSO အဖွဲ့က ကျနော်တို့စခန်းထဲက လူငယ်သုံးဆယ်ကျော်လောက်ကို ဖမ်းပြီး ကားကြီးပေါ်တင်မယ်လုပ်နေတာ။ ကျနော်တို့သိသွားတော့ စခန်းကလူတွေစုပြီး တုတ်တွေနဲ့ လိုက်ရိုက်တော့ ဖမ်းမိတာ၊ ပြေးသွားတာတွေရှိတယ်။ စခန်းကလူငယ်တွေတော့ ပြန်လွတ်လာတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒုက္ခသည်တစ်ဦးက ပြောသည်။

မွတ်ဆလင်ဒုက္ခသည်များက ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် RSO အဖွဲ့ဝင် ၁၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး တချို့ကို ဘင်္ဂလားဒေ့ရှ်ရဲလက်အပ်လိုက်သည်။ RSO တပ်သားများ ထွက်ပြေးသွားသော်လည်း အင်အားအများဖြင့် ပြန်ဖမ်းလာမည်ကို စိုးရိမ်သဖြင့် စခန်းတွင် ညအချိန် ကင်းစောင့်ခဲ့ရကြောင်း သိရသည်။

RSO အဖွဲ့သည် ယခင်ကလည်း မွတ်ဆလင်လူငယ်များကို စစ်သင်တန်းတက်ရန် ခေါ်ဆောင်သွားပြီး မြေပြင်တွင် စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်စေကြောင်း ဒုက္ခသည်စခန်းနေ မွတ်ဆလင်များက ပြောသည်။ 

ဒုက္ခသည်စခန်းမှလူငယ်များအား RSO အဖွဲ့က အတင်းအဓမ္မဖမ်းဆီးနေမှုကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အရေးယူပေးစေချင်ကြောင်း ဒုက္ခသည်များက တောင်းဆိုကြသည်။

“မြန်မာစစ်တပ်ရဲ့ စစ်သားစုဆောင်းရေးအတွက် RSO က ခေါင်းဆောင်တွေနဲ့တွေ့ပြီး စခန်းကလူငယ်တွေကို စစ်သားအဖြစ်ရောင်းစားနေတာ။ RSO ကလည်း စခန်းမှာ ပေါ်ပေါ်ထင်ထင် လူငယ်တွေကို ပေါ်တာဆွဲနေတာ။ ဒီကရဲတွေကလည်း ဘာမှမလုပ်ကြဘူး” ဟု မွတ်ဆလင်ဒုက္ခသည် နောက်တစ်ဦးက ပြောသည်။

RSO အဖွဲ့သည် မွတ်ဆလင်ဒုက္ခသည် ၂၀၀ ကျော်ခန့်ကို အတင်းအဓမ္မဖမ်းဆီးပြီး စစ်ကောင်စီထံ ရောင်းချပြီးဖြစ်ကြောင်းလည်း ဒုက္ခသည်များက ပြောသည်။

ရခိုင်ဒေသတွင်စစ်ရှုံးနေသော စစ်ကောင်စီသည် RSO၊ ARSA၊ ARA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နေသလို လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်ပွားစေရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က မေလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organisation) သည် ၁၉၈၂ ခုနှစ်က ဘင်္ဂလားဒေ့ရှ် - ရခိုင်နယ်စပ်တွင် လက်နက်ကိုင်လှုပ်ရှားခဲ့ပြီး  ၁၉၉၈ နောက်ပိုင်း စစ်ရေးလှုပ်ရှားမှု မတွေ့ရတော့ဘဲ ရပ်နေခဲ့သည်။ 

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်တွင် လှုပ်ရှားမှုအနည်းငယ် ပြန်ရှိလာသည်။ ယင်းနောက် လက်ရှိရခိုင်စစ်ပွဲ ပြင်းထန်လာချိန် ဘူးသီးတောင်၊ မောင်တောတိုက်ပွဲများအတွင်း အာရက္ခတပ်တော်(AA)ကို စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်နေသည်။