- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
တပ်ကဖမ်းဆီးခဲ့သည့် ကျောက်တော်ဒေသခံ ဒဏ်ရာများဖြင့် ရဲစခန်းသို့ ရောက်ရှိလာကြောင်း ဇနီးဖြစ်သူပြော
တပ်မတော်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ ဒေသခံတစ်ဦးအား အောက်တိုဘာ ၁၉ ရက်နေ့တွင် ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းလာကြောင်း မိသားစုဝင်များက ပြောဆိုသည်။
20 Oct 2020
နှင်းနွယ် | DMG
အောက်တိုဘာ ၂၀ ၊ စစ်တွေ
တပ်မတော်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ ဒေသခံတစ်ဦးအား အောက်တိုဘာ ၁၉ ရက်နေ့တွင် ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းလာကြောင်း မိသားစုဝင်များက ပြောဆိုသည်။
“ကျမတို့ ရဲစခန်းလိုက်သွားပြီး သူနဲ့တွေ့တော့ ခြေထောက်တွေ၊ နောက်ကျောတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ တအားပါတယ်။ ရင်ဘတ်တွေမှာရောပဲ လေတောင်မရှူနိုင်ဘူး။ ဒါကြောင့် ကျမတို့က ဓာတ်မှန် ရိုက်ကြည့်ပြီးတော့ ဆေးကုပေးချင်တယ်ဆိုပြီး ခွင့်တောင်းတော့ ရဲစခန်းက သူတို့အဆင်ပြေအောင်လုပ်ပေးမယ် လို့တော့ ပြောတယ်” ဟု ဖမ်းဆီးခံထားရသူ၏ဇနီး ဒေါ်ဦးလှယဉ်က DMG သို့ ပြောသည်။
ရုပ်သားကျေးရွာမှ ဦးမောင်ကျော်သန်း အသက်(၅၂)နှစ်မှာ အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ကျေးရွာ အနီးရှိ မိမိယာခင်း၌ရှိနေစဉ် တပ်မတော်သားများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ထိုသို့ဖမ်းဆီးခံရပြီး နှစ်ရက်ခန့်အကြာတွင် ဦးမောင်ကျော်သန်းမှာ ကျောက်တော်မြို့မရဲစခန်းသို့ ဒဏ်ရာများဖြင့် ရောက်ရှိလာကြောင်းနှင့် ၎င်းအား မည်သို့ဆောင်ရွက်ကြမည်ကို တစ်စုံတစ်ရာ မသိရသေးကြောင်း ဇနီးဖြစ်သူက ပြောသည်။
ဦးမောင်ကျော်သန်းအား ဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး ကျောက်တော်မြို့မရဲစခန်းမှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
အောက်တိုဘာ ၁၇ ရက်နေ့က တပ်မတော်သားများသည် ရုပ်သားကျေးရွာသို့ သေနတ်ပစ်ဖောက် ဝင်ရောက် လာကာ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များအားလုံးကို နေအိမ်ပြင်ပသို့ခေါ်ထုတ်ပြီး ကျေးရွာရှိ စာသင်ကျောင်း၌ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ယင်းနေ့ မွန်းလွှဲပိုင်းတွင် ကလေးငယ်များနှင့် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား(၆၀)ကျော်အား ဆက်လက်စစ်ဆေးကာ အောက်တိုဘာလ ၁၈ ရက်နေ့မှသာ ပြန်လွှတ်ပေးခဲ့သည်ဟု ပြန်လည်လွတ်မြောက် လာသူတစ်ဦးဖြစ်သည့် ကိုဦးရွေသန်းက DMG သို့ပြောသည်။
“တပ်မတော်သားတွေက ခင်ဗျားတို့ကိုလွှတ်ပေးလို့ မရသေးဘူးဆိုပြီး စာသင်ကျောင်းထဲမှာ တစ်ည ပိတ်လှောင် ထားတယ်။ ကျနော်တို့လည်း တစ်ညလုံးမအိပ်ရဲဘဲ ထိုင်နေကြတယ်။ နောက်တစ်နေ့ နေ့လယ်ပိုင်းရောက်တာနဲ့ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်ပြီးတော့ ကျနော်နဲ့ တစ်ခြားတစ်ယောက်ကို သူတို့နေတဲ့နေရာဆီကို စက်လှေနဲ့ ပို့ပေးဖို့ခေါ်သွားတယ်။ ပို့ပေးပြီးတာနဲ့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ၎င်းကပြောသည်။
ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ အရပ်သားဖမ်းဆီးခံရသူစုစုပေါင်း (၁၀၅)ဦးအထိရှိကြောင်း Center for rural research and development (CRRD)အဖွဲ့၏စာရင်းအရ သိရှိရသည်။