ညီနောင်သုံးဖွဲ့ကို လက်နက်စွန့်ရန် စစ်ခေါင်းဆောင်ပြော

“လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခတွေကို ပြေလည်စေမည်ဖြစ်သည်ကိုသိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေး တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

By Admin 15 Dec 2024

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲအခမ်းအနား တွင် စစ်ခေါင်းဆောင်မိန့်ခွန်းပြောနေစဉ်။ ဓာတ်ပုံ - cincds။
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲအခမ်းအနား တွင် စစ်ခေါင်းဆောင်မိန့်ခွန်းပြောနေစဉ်။ ဓာတ်ပုံ - cincds။

  
DMG ၊ ဒီဇင်ဘာ ၁၅ 

အာရက္ခတပ်တော် (AA)အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်သို့လျှောက်လှမ်းကြရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား လိုက်သည်။ 

ယနေ့ ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် နှစ် (၅၀) ပြည့် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

“လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခတွေကို ပြေလည်စေမည်ဖြစ်သည်ကိုသိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေး တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

MNDAA ၊ TNLA ၊ AA အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပြီး အဖျက်အမှောင့်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများစွာ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရသည်ဟု စစ်ခေါင်းဆောင်ကဆိုသည်။
 
ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြစ်တင် ပြောဆိုသည်။ 

MNDAA ၊ TNLA ၊ AAအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်ပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူအကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရကြောင်း ပြောသည်။ 

“လူငယ်လူရွာတွေကို မူးယစ်ဆေးဝါးနဲ့ သိမ်းသွင်းမြှူဆွေပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့ကြပါတယ်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  စွပ်စွဲထားသည်။  

ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် အေးချမ်းသာယာသော နိုင်ငံ‌တော် ကြီးကို တည်ဆောက်နိုင်မည်ဖြစ်သဖြင့် ဆွေးနွေးမှုများကိုဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါးအမြဲဖွင့် ကြိုဆိုလျက် ရှိသည်ဟု သဝဏ်လွှာတွင်ပါရှိသည်။

ထိုသို့ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂ ကင်းကင်းဖြင့် နိုင်ငံရေးနည်း လမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ထည့်သွင်း ပြောကြားထားသည်။ 

“ဒီကနေ့ မြန်မာ့နိုင်ရေးအခင်းအကျင်းမှာ ပြည်သူတစ်ရပ်လုံးလိုလားတဲ့ အသွင်ကူးပြောင်းရေး လျှောက်လှမ်းနေကြတယ်။ ဒီအပြောင်းအလဲကသာလျှင် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီသို့ ပို့ဆောင်ပေး လိမ့်မယ်။ အခုစစ်ကောင်စီ ပြောနေတာက သူအထိနာနေတာတွေကို ဖြေလျော့ဖို့အတွက်ပဲဖြစ်တယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းမြောက်ဒေသက စတင်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီက နယ်မြေအများအပြားလက်လွှတ်ဆုံးရှုံးခဲ့ပြီး ထိုစစ်ဆင်ရေးသည် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေကြသည့် တော်လှန်ရေးအင်အားစုများအတွက် သက်ရောက်မှုကြီး ခဲ့သည်။ 

လက်ရှိ နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုအဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၈၆ မြို့အထိ ရှိနေပြီး မြေပြင်အခြေအနေအရ နောက်ထပ်လည်း ဆုံးရှုံးရမည့်အနေအထားတွင် ရှိနေသည်။